Follow Us

ထားဝယ်မြို့တွင် ကလေးစာပေပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

Thu, 03/30/2017 - 12:07

ထားဝယ် မတ် ၃၀

    ကလေးများ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် အတွေးအခေါ်အယူအဆများ ထက်မြက်လာစေရန်၊ ဗလ ငါးတန်ဖွံ့ဖြိုးလာစေရန်နှင့် စာဖတ်ခြင်းအလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်အတွက် ပြည်နယ်နှင့် တိုင်း ဒေသကြီးအသီးသီးတွင် ကလေးစာပေပွဲတော်ကို ကျင်းပလျက်ရှိရာ မတ်လ(၂၉)ရက် နံနက်(၈)နာရီတွင်   ထားဝယ်မြို့ အမှတ်(၁)၊ အခြေခံပညာထက်တန်းကျောင်း၌ ပြန်ကြားရေးဝန်ကြီးဌာနနှင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်စျေးရောင်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
    ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်စျေးရောင်းပွဲတော်အား တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်အေးနှင့်အတူ ထားဝယ်မြို့မှ ထူးချွန်ကျောင်းသူ(၂)ဦးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ပေးခဲ့ကြပြီး အမှတ်(၁)၊ အခြေခံပညာထက်တန်းကျောင်းခန်းမတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ကလေးငယ်များအား အမှာစကားနှင့် ပညာပေးပုံပြင်ကို ပြောကြား ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီချိုက ကလေးစာပေ ပွဲတော် ကျင်းပရခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
    ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းမှ မူကြိုကလေးငယ်များမှ ကလေးစာပေ ပွဲတော်တေးသီချင်းဖြင့် တေးသရုပ်ဖော် ကပြဖျော်ဖြေခဲ့ကြပြီး သရက်ချောင်းမြို့နယ် ထားဝယ်ရိုးရာ ရေအိုးရွက် အကအဖွဲ့မှ ရေအိုးရွွက်အကဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ အခမ်းအနားအပြီးတွင် တက်ရောက်လာကြသူများက ကလေးစာပေပြခန်း၊ စာအုပ်စျေးရောင်းပွဲတော်၊ ပြိုင်ပွဲ များနှင့် ဂိမ်းကစားပွဲများကို ကြည့်ရှုအားပေးခဲ့ကြသည်။
    အဆိုပါ ကလေးစာပေပွဲတော်တွင် ဘင်ကရာတီးဝိုင်း၊ ကျောင်းသူလေးများ၏ ပန်းပွားအက၊ ဆင်အက၊ ဇီးကွက်ရုပ်အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး 3D ရုပ်ပုံကားချပ်ကြီးများတွင် အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးကာ ကလေး(၁၆၀၀)ခန့် ပျော်ရွင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။
    ထားဝယ်မြို့ ကလေးစာပေပွဲတော်တွင် အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ဗိုလ်ချုပ်အောင်ဆန်းပုံနှင့် မဟာဗန္ဓုလပုံ အရုပ်ဆက်ပြိုင်ပွဲများနှင့်အတူ နှစ်ယောက်တွဲခွက်နင်း၊ သုံးယောက်တွဲဖိနပ်စီး၊ လေးယောက်တွဲဗူပေါင်းညှပ်၊ ငါးယောက်တွဲတာယာနင်း ဂိမ်းကစားပွဲများကို ကျင်းပပေးခဲ့ရာ ကျောင်းသား/သူများနှင့် ကလေးသူငယ်များက ပျော်ရွင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ ကြသည်။ ပြိုင်ပွဲများနှင့် ဂိမ်းကစားပွဲများတွင် အနိုင်ရရှိသော ကလေးငယ်များအား သိုးမွေးအရုပ်များနှင့် ပါဝင်ယှဉ်ပြိုင်သူကလေးငယ်များအား အမှတ်တရ ကလေးစာပေစာအုပ်များ ပေးအပ်ခဲ့ကြသည်။
    ညနေ(၄)နာရီတွင် ပုံပြင်ပြောပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသား/သူ များအား ဆုချီးမြှင့်ပွဲကျင်းပခဲ့ရာ Dawei Millennium Centre (DMC) အင်္ဂလိပ်-မြန်မာစာကြည့်တိုက် တာဝန်ခံ ဒေါက်တာကျော်လွင်စိုးက ကလေးများအား စာပေဖတ်ရှုရန် ပညာပေးဟောပြောခဲ့ပြီး ပုံပြင်ပြောပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား/သူအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီး ပြန်/ဆက် ဒုတိယညွှန်ကြားရေးမှူးတို့က ဆုများအသီးသီးပေးအပ်ချီးမြှင့် ခဲ့ကြသည်။ ယင်းနောက် ကလေးစာပေပွဲတော်တွင် ကူညီဆောင်ရွက်ပေးကြသည့် ဆရာမများအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်များကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြပြီး ထားဝယ်ခရိုင် ပြန်/ဆက် ဦးစီးအရာရှိ ဦးသန်းမြင့်က ကျေးဇူးတင် စကားပြောကြားခဲ့ကြောင်း သိရသည်။

 

 

တိုင်းဒေသကြီး ပြန်/ဆက်