Follow Us

ရွှေဝယ်သီရိပညာဗိမာန်စာကြည့်တိုက်နှစ်ပတ်လည်နေ့အခမ်အနားကျင်းပ

Tue, 03/28/2017 - 10:43


ထားဝယ် မတ် ၂၇
    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရွှေဝယ်သီရိပညာဗိမာန်စာကြည့်တိုက်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှနှင့် စေတနာရှင်အလှူရှင်များ စုပေါင်း၍ ၂၀၁၆ခုနှစ်၊ မတ်လတွင် ဖွင့်လှစ်ပေးခဲ့ရာ တစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ သို့ပါ၍ နှစ်ပတ်လည်နေ့အခမ်အနားအား မတ်လ ၂၆ ရက် မွန်းလွဲ ၁၅ နာရီ ရွှေဝယ်သီရိပညာဗိမာန်စာကြည့်တိုက်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
    အခမ်းအနားတွင် တို်င်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက အဖွင့်အမှာစကား ပြောကြားပြီး ရွှေဝယ်သီရိပညာဗိမာန်စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဒေါ်နီနီချိုက စာကြည့်တိုက်ထိန်းသိမ်းဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ရွှေဝယ်သီရိပညာဗိမာန်စာကြည့်တိုက်ကော်မတီ ဘဏ္ဍာရေးတာဝန်ခံ ဦးဝင်းစိုးက ဘဏ္ဍာရေးဆောင်ရွက်ထားရှိမှုအား ဖတ်ကြားရှင်းလင်းတင်ပြခဲ့သည်။
    ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသူများအားလည်းကောင်း၊ ရွှေဝယ်သီရိပညာဗိမာန်စာကြည့်တိုက်ကော်မတီအဖွဲ့ဝင် ဒေါက်တာ ယဉ်ယဉ်သိန်းက စာစီစာကုံးပြိုင်ပွဲတွင်ဆုရရှိသူများအားလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
    ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်မှ လှူဒါန်းသည့် စာကြည့်တိုက်အတွက် ကျပ်(၅) သိန်းတန်ဖိုးရှိ ကလေးစာပေ(၅၃၁)အုပ်၊ အမှတ်(၈) စစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ်တပ်ရင်းများက ငွေပဒေသာပင် ကျပ်(၁၂)သိန်း ၊ တို်င်းဒေသကြီးရဲတပ်ဖွဲ့ဝင်မိသားစု ငွေပဒေသာပင် (၃)သိန်း၊ စက်လှေရှင်များအသင်းမှ ငွေပဒေသာပင် ကျပ်(၅)သိန်း၊ မော်တော်ယာဉ် အသင်းမှ ငွေပဒေသာပင်ကျပ်(၅)သိန်း၊ DDPC အများပိုင်ကုမ္ပဏီလီမိတက်မှ ငွေပဒေသာပင် ကျပ်(၂၀) သိန်း၊ ဟိုတယ်လုပ်ငန်းရှင်များမှ ငွေပဒေသာပင် ကျပ်(၁၀)သိန်းနှင့် ဦးဇော်ကိုခန့်က ကျပ် (၁၀)သိန်းကို အလှူရှင်များနှင့် ကိုယ်စားလှယ်များက ပေးအပ််လှူဒါန်းရာ ရွှေဝယ်သီရိပညာဗိမာန်စာကြည့်တိုက် ကော်မတီဥက္ကဋ္ဌ ဒေါ်နီနီချိုက လက်ခံယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
    စာကြည့်တိုက်နှစ်ပတ်လည်အခမ်းအနားတွင် မုန့်(၃)မျိုးစျေးရောင်းပွဲတော်နှင့် ညဘက်တွင် ထားဝယ်လူငယ်တေးဂီတအဖွဲ့က စင်တင်တေးဂီတဖြင့် ဖျော်ဖြေခဲ့ကြသည်။
   အခမ်းအနားသို့ တက်ရောက်လာသော တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ ့ဝင်ဝန်ကြီးများ၊ အမှတ်(၈)စစ်ဆေးရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်သန်းထိုက်၊ ရွှေဝယ်သီရိပညာဗိမာန်စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဒေါ်နီနီချိုနှင့်ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ  တက်ရောက်ကြပြီး  ကျပန်းစကားပြောပြိုင်ပွဲတွင်  ပထမဆုရရှိသော   မကလျာမောင်မောင်က ' ပညာရဲရင့် ပွဲလယ်တင့် ' ခေါင်းစဉ်ဖြင့် ပြန်လည်စွမ်းရည် ပြသခဲ့ကြောင်း သတင်းရရှိသည်။
(တနင်္သာရီတိုင်းဒေသကြီးပြန်/ဆက်ဦးစီးဌာန)