Follow Us

မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်း

Thu, 09/08/2016 - 11:48

မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်းစတင်ပေါ်ပေါက်လာပုံနှင့်နောက်ခံသမိုင်း

၁။    ၁၉၅၄ ခုနှစ်၌ မြန်မာနိုင်ငံတွင် မွေးပုလဲထုတ်လုပ်မှုလုပ်ငန်းကို မြိတ်ကျွန်းစု၌ စတင်ခဲ့ပြီး ဂျပန်နိုင်ငံ ကိုဘေးမြို့တွင် အခြေစိုက်သော South Sea Pearl Company နှင့် မြန်မာနိုင်ငံမှ 'ကော့သောင်းရောင်းဝယ်ရေး စင်ဒီကိတ်' တို့ ဖက်စပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ ၁၉၆၃ ခုနှစ်၊ သြဂုတ်လ (၁၆) ရက်နေ့မှစ၍ ပြည်သူပိုင်သိမ်းယူခဲ့ပြီး၊ 'ပြည်သူ့ပုလဲနှင့် ငါးလုပ်ငန်းကော်ပိုရေးရှင်း' ဟူသောအမည်ဖြင့် လယ်ယာနှင့် သစ်တောဝန်ကြီးဌာန ကွပ်ကဲမှုအောက်သို့ ရောက်ရှိခဲ့ပါသည်။ ၁၉၈၃ ခုနှစ်တွင် 'ပြည်သူ့ပုလဲနှင့် ရေလုပ်ငန်းကော်ပိုရေးရှင်း' အမည်ဖြင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ကွပ်ကဲမှုအောက်သို့ ရောက်ရှိခဲ့ပါသည်။

၂။    ၁၉၈၆ ခုနှစ်တွင် သတ္တုတွင်းဝန်ကြီးဌာန ကွပ်ကဲမှုအောက်သို့ ပြောင်းရွှေ့ ခဲ့ရပြီး 'ပုလဲမွေးမြူရေးနှင့် ထုတ်လုပ်ရေးဌာနခွဲ' အမည်ဖြင့် ဆားလုပ်ငန်းကော်ပိုရေးရှင်းနှင့် ပူးပေါင်းဖွဲ့စည်းခဲ့ပါသည်။ (၈.၂.၁၉၈၉)ရက်နေ့တွင် သတ္တုတွင်းလက်အောက်တွင် 'မြန်မာ့ပုလဲရတနာကော်ပိုရေးရှင်း' အဖြစ် ဖွဲ့စည်းပြီး သီးခြားရပ်တည်ခဲ့ပါသည်။ (၁.၄.၁၉၈၉)ရက်နေ့တွင် 'မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း' အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ပုလဲမွေးမြူရေးသာမက ရောင်းချရေးလုပ်ငန်းများကိုပါ ဆောင်ရွက်ခဲ့ပါသည်။

၃။    ၁၉၉၅ ခုနှစ်၊ ဇူလိုင်လ (၁၀)ရက်နေ့တွင် ''မြန်မာ့ပုလဲလုပ်ငန်းဥပဒေ'' (The Myanmar Pearl Law)  အားလည်းကောင်း၊ ၂၀၀၀ ပြည့်နှစ်၊ ဇွန်လ (၁၅)ရက်နေ့တွင် ''မြန်မာ့ပုလဲလုပ်ငန်းနည်းဥပဒေများ'' (The Myanmar Pearl Rules) အားလည်းကောင်း ပြဌာန်းနိုင်ခဲ့ပါသည်။ စျေးကွက်စီးပွားရေးစနစ်အရ နိုင်ငံပိုင်ပုလဲမွေးစခန်းများနှင့်အတူ ပြည်တွင်းပြည်ပ ပုလဲမွေးကုမ္ပဏီများ တိုးချဲ့ဆောင်ရွက်လာနိုင်ခဲ့ပြီး၊ နိုင်ငံပိုင်ပုလဲ မွေးစခန်း(၃)ခု၊ ပြည်တွင်းကုမ္ပဏီ(၂)ခုနှင့် ပြည်ပကုမ္ပဏီ(၃)ခု လုပ်ငန်းဆောင်ရွက်နိုင်ခဲ့ပါသည်။ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားမှုစာချုပ်ပါအချိုးအရ ပြည်ပကုမ္ပဏီများအနေဖြင့် နိုင်ငံတော်မှ ၂၅ % နှင့် ကုမ္ပဏီမှ ၇၅% ဖြစ်ပြီး ပြည်တွင်းကုမ္ပဏီများအနေဖြင့် နိုင်ငံတော်မှ ၃၀% နှင့် ကုမ္ပဏီမှ ၇၀% ဖြင့် စာချုပ်ချုပ်ဆိုဆောင်ရွက်ခဲ့ပါသည်။ 

၄။    ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ (၂၉)ရက်နေ့တွင် မြန်မာ့ပုလဲလုပ်ငန်းဥပဒေကို ပြင်ဆင်သည့်ဥပဒေကို ထုတ်ပြန်ခဲ့ပြီး၊ ပြည်တွင်းကုမ္ပဏီများအနေဖြင့် ယင်းဥပဒေပုဒ်မ (၈) ပုဒ်မခွဲ (ဃ)အရ မုတ်ကောင်(၁)ကောင်အား (၁)ကြိမ် ဝတ်ဆံသွင်းလျှင် ကျပ် ၂၀၀ဝိ/-နှုန်းဖြင့် နိုင်ငံတော်သို့ အခွန်အဖြစ် ပေးဆောင်ရမည်ဖြစ်ပြီး ဥပဒေပုဒ်မ(၈) ပုဒ်မခွဲ (စျ)အရ အခွန်ပေးဆောင်ပြီးနောက် ပုလဲထုတ်လုပ်ခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းအတွက် ငွေကြေးဖြင့်ဖြစ်စေ ပစ္စည်းဖြင့်ဖြစ်စေ ထပ်မံပေးဆောင်ရခြင်းမရှိစေရဟု ပြဌာန်းခဲ့ပြီးနောက် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုတိုးတက်လာကာ ပြည်တွင်းကုမ္ပဏီ(၁)ခု ထပ်မံရင်းနှီးမြှုပ်နှံလာခဲ့ပါသည်။ ပြည်ပရင်းနှီးမြှုပ်နှံမှုအနေဖြင့်လည်း ကုမ္ပဏီ(၁)ခု ထပ်မံ ရင်းနှီးမြှုပ်နှံလာခဲ့ပါသည်။ 

၅။    ၂၀၁၅ ခုနှစ်၊ ဧပြီလ (၂၂)ရက်နေ့တွင် မြန်မာ့ပုလဲလုပ်ငန်းနည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများကို ထုတ်ပြန်နိုင်ခဲ့ပြီး၊ ယင်းနှစ်တွင်ပင် ပြည်တွင်းကုမ္ပဏီ (၁)ခု ထပ်မံရင်းနှီးမြှုပ်နှံဝင်ရောက်လာခဲ့ပါသည်။

၆။    ၂၀၁၆ ခုနှစ်တွင် ပြည်တွင်းကုမ္ပဏီ(၃)ခုထပ်မံဝင်ရောက်ရင်းနှီးမြှုပ်နှံလာခဲ့ပြီး ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်မြင့်မားလာခဲ့ပါသည်။ 

၇။    ၂၀၁၆ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့တွင် သတ္တုတွင်းဝန်ကြီးဌာနမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအဖြစ် ဝန်ကြီးဌာနပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

၈။  ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၂၅)ရက်နေ့တွင် မြန်မာ့ပုလဲလုပ်ငန်းနည်းဥပဒေများကို ဒုတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများကို ထုတ်ပြန်နိုင်ခဲ့ပြီး လက်ရှိအချိန်တွင် နိုင်ငံပိုင်ပုလဲမွေးစခန်း(၁)ခု၊ ပြည်တွင်းပုလဲမွေး ကုမ္ပဏီ(၇)ခုနှင့် ပြည်ပပုလဲမွေးကုမ္ပဏီ (၄)ခု၊ စုစုပေါင်း (၁၂)ခုဖြင့် ပုလဲမွေးမြူရေးလုပ်ငန်းများအား တိုးချဲ့ဆောင်ရွက်လျက်ရှိပါသည်။

Office Address and Location Map: 
မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်း၊
ဒုတိယအထွေထွေမန်နေဂျာ(ထုတ်လုပ်ရေး)ရုံး
အမှတ်(၁၀)၊ ကမ်းနားလမ်း၊
ကန်ကြီးရပ်ကွက်၊ မြိတ်မြို့။
ဖုန်း-၀၅၉-၄၁၀၄၉၊ ၄၂၈၀၆၊
Fax -၀၅၉-၄၁၀၄၉