Follow Us

မြန်မာ့သစ်လုပ်ငန်း

Thu, 09/08/2016 - 11:46

ဦးစီးဌာနစတင်ပေါ်ပေါက်လာပုံနှင့်နောက်ခံသမိုင်း

    မြန်မာ့သစ်လုပ်ငန်း (Myanma  Timber  Enterprise)အား ၁၉၄၈ ခုနှစ်၊ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် နိုင်ငံတော်သစ်ထုတ်ရေးအဖွဲ့ (State  Timber Extraction  Organization)ဖြင့် ကျွန်းသစ်ထုတ်လုပ်ရောင်းချခြင်းကို လုပ်ကိုင်ဆောင်ရွက် ရန် စတင်ဖွဲ့စည်းခဲ့ပါသည်။ (၅-၄-၁၉၄၈)ရက်စွဲပါ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၏ အမိန့်စာအမှတ်၊ ၁၃၅ ဖြင့် နိုင်ငံတော်သစ်လုပ်ငန်းအဖွဲ့(State Timber Board-STB)ကို လုပ်ငန်းဌာနကြီး (၄)ခုဖြင့် ဆက်လက်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၆၄ ခုနှစ်တွင် ဆိုရှယ်လစ်စီးပွားရေးစနစ်အကောင်အထည်ဖော်ရေးအရ ပြည်သူပိုင်သိမ်းပြီးနောက် နိုင်ငံတော်သစ်လုပ်ငန်းအဖွဲ့ကို အထွေထွေဌာန၊ သစ်ထုတ်ရေးဌာန၊ ရောင်းဝယ်ရေးနှင့်သစ်စက်ဌာန၊ အင်ဂျင်နီယာဌာနနှင့် ငွေစာရင်းဌာနဟူ၍ ဌာနကြီး(၅)ခုဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။

    (၁၅-၃-၁၉၇၂)ရက်နေ့တွင် နိုင်ငံတော်သစ်လုပ်ငန်းအဖွဲ့အား သစ်လုပ်ငန်းကော်ပိုရေးရှင်း (Timber  Corporation)ဟု ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဦးဆောင်ညွှန်ကြားရေးမှူးရုံး၊ သစ်ထုတ်ရေးဌာန၊ ရောင်းဝယ်ရေးနှင့်သစ်စက်ဌာန၊ အင်ဂျင်နီယာဌာနနှင့် ငွေစာရင်းဌာနဟူ၍ ဌာနကြီး(၅)ခုဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။

    မြန်မာနိုင်ငံတွင် ပြောင်းလဲကျင့်သုံးလာသော စျေးကွက်စီးပွားရေးစနစ်နှင့် လိုက်လျောညီထွေဖြစ်စေရန် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၏ (၃၀-၃-၁၉၈၉)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၂/၈၉ ဖြင့် သစ်လုပ်ငန်းကော်ပိုရေးရှင်း (Timber    Corporation )အား (၁-၄-၁၉၈၉)ရက်နေ့မှစ၍ မြန်မာ့သစ်လုပ်ငန်း (Myanma Timber  Enterprise-MTE)ဟု ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး စီမံကိန်းနှင့်စာရင်းဌာန၊ စီမံရေးရာဌာန၊ သစ်ထုတ်ရေးဌာန၊ ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက်ဌာန၊ ပြည်ပ ရောင်းဝယ်ရေးနှင့်သစ်စက်ဌာန၊ သစ်အခြေခံဌာန၊ အင်ဂျင်နီယာဌာနနှင့် ဘဏ္ဍာရေးဌာနဟူ၍ ဌာနကြီး(၈)ခုဖြင့် လက်ရှိဆောင်ရွက်လျက်ရှိပါသည်။

    မြန်မာ့သစ်လုပ်ငန်း၊ တနင်္သာရီတိုင်းဒေသကြီးသည် ၁၉၆၅ ခုနှစ်မှစတင်၍ ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး တနင်္သာရီတိုင်းရုံး၊ ထားဝယ်သစ်ထုတ်ရေးဒေသ၊ မြိတ်သစ်ထုတ်ရေးဒေသတို့ဖြင့်ဖွဲ့စည်းပြီး သစ်ထုတ်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

Office Address and Location Map: 
ဒုတိယအထွေထွေမန်နေဂျာရုံး
မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်ရေးဌာန
ဆိပ်ကမ်းသာလမ်း၊ ကြက်စားပြင်ရပ်၊
ထားဝယ်မြို့။
ဖုန်း - ၀၅၉-၂၃၉၀၈၊ ၀၅၉-၂၁၆၄၈
ထားဝယ်သစ်ထုတ်ရေးဒေသရုံး
ဆိပ်ကမ်းလမ်း၊ ကြက်စားပြင်ရပ်၊ ထားဝယ်မြို့။
ဖုန်း - ၀၅၉-၂၁၀၈၄
မြိတ်သစ်ထုတ်ရေးဒေသရုံး
ကွက်သစ်(B)လမ်း/ ကုန်သည်လမ်း
ကံကြီးရပ်၊ မြိတ်မြို့။
ဖုန်း - ၀၅၉-၄၁၈၇၀ ၊ ၀၅၉-၄၁၀၂၄