Follow Us

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန

Thu, 09/08/2016 - 11:38

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန စတင်ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်း   

   ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၇ ခုနှစ်တွင် စစ်အတွင်းက စစ်ဘေးစစ်ဒဏ်ခံခဲ့ရသော ပြည်သူလူထုအများစုသည် စာရိတ္တမဏ္ဍိုင်ကြံ့ခိုင်မှုမရှိဘဲ အဘက်ဘက်မှ ပျက်စီးယိုယွင်းခဲ့ကြပါသည်။ ကုန်ပစ္စည်းအမျိုးမျိုးသိုလှောင်ရာ ပြည်သူ့ထောက်ပံ့ရေးဌာနတွင် ပြည်သူပိုင်ပစ္စည်းများ တန်ဘိုးသိန်းသန်းချီ၍ ဆုံးရှုံးနစ်နာစေသည့်ကိစ္စများ၊ ပြည်သူဘဏ္ဍာငွေများစွာ ဆုံးရှုံးရသည့်ကိစ္စများနှင့် လာဘ်ပေးလာဘ်ယူပြုလုပ်သည့် အဂတိ လိုက်စားမှုများ မကြာခဏ ဖြစ်ပွားခဲ့ပါသည်။ ထိုသို့သောအခြေအနေတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံတော်၏ အနာဂါတ်ကောင်းစားရေးအတွက် "ဆိုရန်တိုဗီလာ" အဆောက်အဦး (ရန်ကုန်မြို့၊ ပြည်လမ်း)တွင် စီးပွားရေးစီမံကိန်းများ ချမှတ်ရေးဆွဲသည့်အခါ စားသောက်ကုန်ဈေးနှုန်းကျဆင်းရေးကို အရေးကြီးဆုံးကိစ္စတစ်ရပ်အဖြစ် အကြောင်းပြု၍ အစိုးရပိုင်ပစ္စည်းများ/ ပြည်သူပိုင်ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးမှုမှကာကွယ်ရန် အထူးလိုအပ်ကြောင်း သုံးသပ်ခဲ့ပါသည်။
   "ဆိုရန်တိုဗီလာ" စီမံကိန်းကိုအကြောင်းပြု၍ ၁၉၄၇ ခုနှစ်၊ အရေးကြီးသောကုန်ပစ္စည်းများနှင့် ဆောင်ရွက်မှုများဆိုင်ရာအက်ဥပဒေကို ပြဌာန်းခဲ့ပါသည်၊ ယင်းအက်ဥပဒေပုဒ်မ(၃)အရ မြန်မာနိုင်ငံအစိုးရ ကူးသန်း ရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေးဝန်ကြီးဌာနမှ ပြည်သူ့ထောက်ပံ့ရေးပစ္စည်းများ ခိုးယူခြင်းမှ ကာကွယ်သည့်အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့ပါသည်၊ အဆိုပါအမိန့်တွင် ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေးဝန်ကြီးဌာနမှ အတွင်းဝန် ဦးဆောင်ပြီး အဖွဲ့ဝင်(၂)ဦးပါဝင်သည့် ပြည်သူ့ထောက်ပံ့ရေးဌာနပစ္စည်းများခိုးယူခြင်းမှ ကာကွယ်သည့်ကော်မတီ ကိုဖွဲ့စည်းခဲ့ပါသည်၊ ကော်မတီ၏တာဝန်မှာ ပြည်သူ့ထောက်ပံ့ရေး ဌာနပိုင်ပစ္စည်းများယိုဖိတ်မှု၊ ပျောက်ဆုံးမှု၊ ခိုးယူမှု၊ အလွဲသုံးစားမှုများကို ကာကွယ်ရန်နှင့် စုံစမ်းစစ်ဆေးအရေးယူရန်ဖြစ်ကြောင်း သတ်မှတ်ခဲ့ပါသည်။ ကော်မတီ၏ ကြီးကြပ်မှုအောက်တွင် အင်းစိန်စုံထောက်ဌာနမှ ရဲဝန်ထောက်တစ်ဦး ဦးဆောင်သော ရဲအရာရှိ (၁၅)ဦးပါဝင်သည့် စီမံကိန်းစစ်ဆေးရေး အဖွဲ့ငယ်ကိုအမှုများ စုံစမ်းစစ်ဆေးရန်အတွက် ဖွဲ့စည်းခဲ့ပါသည်။ 

     ၁၉၄၈ ခုနှစ်တွင် ပြည်သူ့ပစ္စည်းကာကွယ်ရေးကော်မတီနှင့် ပြည်သူ့ပစ္စည်းကာကွယ်ရေးရဲအဖွဲ့ (Public Property Protection Police)ဟု ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ရဲတပ်ဖွဲ့ဝင် (၃၀)ဦးအထိ တိုးချဲ့ခဲ့ပါသည်။ ၁၉၅၀ ခုနှစ်တွင် ပြည်သူ့ပစ္စည်းကာကွယ်ရေးကော်မတီကို ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနအောက်သို့ ပြောင်းရွှေ့ခဲ့ပါသည်။ ၁-၉-၁၉၅၁ နေ့တွင် ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏ အမိန့်စာအရ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနကို သီးခြားအဖွဲ့အစည်းတစ်ခုအဖြစ် စတင်ဖွဲ့စည်းခဲ့ပါသည်။ ထို့နောက် ၁၉၅၁ ခုနှစ်၊ အထူးစုံစမ်းစစ်ဆေးမှုအုပ်ချုပ်ရေးအဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေးဌာန အက်ဥပဒေကို ပြဌာန်းခဲ့ပြီး ပြည်သူ့ပစ္စည်းကာကွယ်ရေးကော်မတီကို အထူးစုံစမ်းစစ်ဆေးမှုအုပ်ချုပ်ရေးအဖွဲ့ဟု အမည်ပြောင်းကာ ဥက္ကဌနှင့် အဖွဲ့ဝင်(၄)ဦး ပါဝင်သောအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ ယင်းအက်ဥပဒေပုဒ်မ (၇)အရ အထူးစုံစမ်းစစ်ဆေးရေးဌာနကို ပြန်တမ်းဝင်အရာရှိ (၂၀)ဦး၊ ပြန်တမ်းဝင်မဟုတ်သောအရာထမ်း(၂၂၇)ဦး၊ အမှုထမ်း(၆၈)ဦး၊ စုစုပေါင်း(၃၁၅)ဦးဖြင့် တိုးချဲ့ဖွဲ့စည်းခဲ့ပြီး ဌာနကို နိုင်ငံတော်အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ထားရှိခဲ့ပါသည်။ အဂတိလိုက်စားမှုများ လာဘ်ပေးလာဘ်ယူမှုများကို စွမ်းစွမ်းတမံဖော်ထုတ်နိုင်ခဲ့သဖြင့် အထူးစုံစမ်းစစ်ဆေးရေးဌာနအား "စစစ" စသုံးလုံးဟူ၍လည်းကောင်း ၊ အင်္ဂလိပ်အမည်အတိုကောက်ဖြစ်သော  "BSI " (Bureau Of Special Investigation) ဟူ၍လည်းကောင်း သတင်းစာများက အမည်ပေးခေါ်ဝေါ်ခဲ့ကြသည်။
   တော်လှန်ရေးကောင်စီအစိုးရလက်ထက် ၁-၃-၁၉၆၃ နေ့တွင် အထူးစုံစမ်းစစ်ဆေးမှုအုပ်ချုပ်ရေးအဖွဲ့ကို ဖျက်သိမ်းပြီး အထူးစုံစမ်းစစ်ဆေးရေးဌာနကို အရာထမ်း(၈၀)ဦး၊ အမှုထမ်း(၂၈၇)ဦး၊ စုစုပေါင်း(၃၆၇)ဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်၊ ၁၆-၃-၁၉၇၂ နေ့တွင် တော်လှန်ရေးကောင်စီအစိုးရအဖွဲ့၏ အုပ်ချုပ်ရေးစနစ်သစ်အရ အထူးစုံစမ်းစစ်ဆေးရေးဌာနကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနဟု အမည်ပြောင်းလဲခေါ်ဝေါ်ခဲ့ပြီး ဖွဲ့စည်းပုံအင်အားအဆင့်ဆင့်တိုးချဲ့ဖွဲ့စည်းခဲ့ရာ ၂၀၁၄ ခုနှစ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် (၁၁/၂၀၁၄) အရ အရာထမ်း(၄၉၀)ဦး၊ အမှုထမ်း(၂၁၀၂)ဦး၊ စုစုပေါင်း(၂၅၉၂)ဦး အထိ အင်အားတိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။ ယခုအခါ ဦးစီးဌာနချုပ်ရုံး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ညွှန်ကြားရေးမှူးများ ဦးစီးသည့် ဌာနကြီး(၆)ခု၊ ဒုညွှန်မှူးများ ဦးစီးသည့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် (၁၅)ခု တို့အား ဖွဲ့စည်းထားရှိပြီး လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပါသည်။

 

 

Office Address and Location Map: 

တနင်္သာရီတိုင်းဒေသကြီး
အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန
အာဇာနည်လမ်း၊ ဗျောတောဝရပ်ကွက်၊ ထားဝယ်မြို့
ဖုန်း - ၀၅၉-၂၁၁၄၉

မြိတ်ခရိုင်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန
ကျွဲကူးလမ်းမကြီး ၊ ကန်ဖျားရပ်ကွက်၊ မြိတ်မြို့
ဖုန်း - ၀၅၉-၄၁၁၈၂

ကော့သောင်းခရိုင်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန
ပန်းခြံလမ်း ၊ အဏ္ဏဝါရပ်ကွက်၊ ကော့သောင်းမြို့
ဖုန်း - ၀၅၉-၅၁၀၄၈