Follow Us

အကျဉ်းဦးစီးဌာန

Thu, 09/08/2016 - 11:33

အကျဉ်းထောင်များ စတင်ဖြစ်ပေါ်လာပုံနှင့် နောက်ခံသမိုင်း
        အကျဉ်းဦးစီးဌာန၏သမိုင်းကို ပြန်ပြောင်းသုံးသပ်ကြည့်လျှင် အကျဉ်းဦးစီးဌာနသည် နယ်ချဲ့အင်္ဂလိပ်၏ ကိုလိုနီအုပ်ချုပ်ရေးစနစ်နှင့်အတူ စတင်ပေါ်ပေါက်လာခဲ့သည်ကို တွေ့ရှိရပါသည်။ အင်္ဂလိပ်နယ်ချဲ့အစိုးရသည် မြန်မာနိုင်ငံအား မတရားကျူးကျော်စစ်(၃)ကြိမ် ဆင်နွဲတိုက်ခိုက်သိမ်းပိုက်ပြီး၊ မြန်မာတစ်နိုင်ငံလုံးကို ကိုလိုနီနိုင်ငံအဖြစ်သိမ်းသွင်း အုပ်ချုပ်ခဲ့ပါသည်။ သူ့ကျွန်မခံလိုသော မြန်မာတိုင်းရင်းသားမျိုးချစ်များသည် ရရာလက်နက်ဆွဲကိုင်ကာ နေရာဒေသများအသီးသီးမှ နယ်ချဲ့အင်္ဂလိပ်တို့အား ပြန်လည်တော်လှန်တိုက်ခိုက်ခဲ့ကြသည်။ မြန်မာတို့မှာ မျိုးချစ်စိတ်ဓါတ်ပြင်းထန်သော်လည်း လက်နက်အင်အား၊ လူအင်အားချို့တဲ့သဖြင့် တိုက်ပွဲများမှာ ရေရှည်အောင်မြင်မှုမရဘဲ ရှုံးနိမ့်ခဲ့ကြရသည်။ တိုက်ပွဲများတွင် ဖမ်းမိသော မြန်မာတိုင်းရင်းသားမျိုးချစ်သူရဲကောင်းများအား အင်္ဂလိပ်အစိုးရသည် သေဒဏ်၊ ထောင်ဒဏ်များ ချမှတ်ကာ ရက်စက်စွာနှိပ်ကွပ်ခဲ့ကြသည်။ အင်္ဂလိပ်များသည် အိန္ဒိယမျိုးချစ်ပြည်သူများကို ရက်ရက်စက်စက်ဖိနှိပ်မှု အတွေ့အကြုံရှိခဲ့ပြီးဖြစ်သည့်အလျောက် မြန်မာမျိုးချစ်ပြည်သူများကိုလည်း ဖိနှိပ်အုပ်ချုပ်ရန် အကျဉ်းထောင်များကို တစ်ထောင်ပြီးတစ်ထောင် တည်ဆောက်ခဲ့ကြသည်။
        ဤသို့ဖြင့် အကျဉ်းထောင်များကို တစ်ထောင်ပြီးတစ်ထောင် တည်ဆောက်ခဲ့ပြီး ၁၈၉၄ ခုနှစ် ဇူလိုင်လ(၁)ရက်နေ့ မြန်မာနိုင်ငံအကျဉ်းထောင်လက်စွဲဥပဒေကို ပြဌာန်းအတည်ပြုခဲ့ပြီးချိန်တွင် ဗဟိုအကျဉ်းထောင်(၉)ထောင်၊ ခရိုင်အကျဉ်းထောင်(၁၈)ထောင်၊ လက်အောက်ခံအကျဉ်းထောင်(၆)ထောင် ပြင်ပကျောက်ထုတ်အလုပ်စခန်း(၂)ခုစသည်ဖြင့် အကျဉ်းထောင်(၃၃)ထောင်နှင့် အလုပ်စခန်း(၂)ခု တည် ဆောက်ပြီးစီးခဲ့ပါသည်။

ခွဲခြားအုပ်ချုပ်သည့် စနစ်ကျင့်သုံးခြင်း
        မြန်မာနိုင်ငံသည် အင်္ဂလိပ်ကိုလိုနီအစိုးရလက်အောက်သို့ ကျရောက်ခဲ့ရသည့် အားလျော်စွာ အကျဉ်းထောင်များအားကွပ်ကဲခြင်းနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာတို့တွင်လည်း ကိုလိုနီနိုင်ငံအသီးသီးရှိ အကျဉ်း ထောင်များ၏ဆိုးမွေကို ဆက်ခံခဲ့ရပါသည်။ အကျဉ်းထောင်များ
ကို ကြီးကြပ်ကွပ်ကဲရာတွင်လည်း အိန္ဒိယပဋိညာဉ်ခံ ဆေးဘက်ဆိုင်ရာအကြီးအကဲများကို အကျဉ်းဌာနမင်းကြီးအဖြစ် ခန့်အပ်အုပ်ချုပ်စေခဲ့ပါသည်။ ခရိုင်အကျဉ်းထောင်များကို သက်ဆိုင်ရာခရိုင်ဆရာဝန်ကြီးများကလည်းကောင်း၊ မြို့နယ်အကျဉ်းထောင်များကို သက်ဆိုင်ရာမြို့နယ်ဆရာဝန်ကြီးများကလည်းကောင်း၊ အချိန်ပိုင်းထောင်ပိုင်၊ ထောင်တာဝန်ခံများ အဖြစ် အုပ်ချုပ်စေခဲ့ပါသည်။ အကျဉ်းသားများအား အုပ်ချုပ်ရာတွင်လည်း ထောင်ဝန်ထမ်းများသာမက အကျဉ်းသားအချင်းချင်းကိုပါ ပြန်လည်အုပ်ချုပ်စေသည့်စနစ် Divide and Rule ခေါ်ခွဲခြားအုပ်ချုပ်သည့်စနစ်ကို ပိုင်နိုင်စွာ ကျင့်သုံးခဲ့ပါသည်။ 

        Young Offenders Act 1930 အရ မြန်မာနိုင်ငံတွင် လူငယ်များအား အကျင့်စာရိတ္တပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဘော်စတယ်ကျောင်းကို သရက်မြို့၌ ၁၉၃၁ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ လွတ်လပ်ရေးမရမီ အင်္ဂလိပ်ကိုလိုနီခေတ်တစ်လျှောက်လုံးတွင် အကျဉ်းထောင်အုပ်ချုပ်ရေးစနစ်သည် ထောင်တွင်းသို့ရောက်ရှိလာသော အကျဉ်းသားများကို အင်္ဂလိပ်အား မတော်လှန်ရဲစေရန်၊ မျိုးချစ်စိတ်ဓာတ်ပျက်ပြားသွားစေရန်၊ ရာဇဝတ်မှုများ ထပ်မံမကျူးလွန်ရဲစေရန် ၊ ဖိနှိပ်ချုပ်ချယ်အုပ်ချုပ်သောစနစ်ကို ကျင့်သုံးခဲ့သည်။ ရက်စက်ကြမ်းကြုတ်မှုသည် ရာဇဝတ်မှုကို မဖြစ်ပေါ်စေနိုင်ဟူသော အယူအဆသာရှိခဲ့သည်။

လွတ်လပ်ရေးရပြီးအကျဉ်းဌာန
        ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးချိန်မှစ၍ အကျဉ်းဦးစီးဌာနသည် အကျဉ်းဌာနအဖြစ် တရားရေးဝန်ကြီးဌာနလက်အောက်တွင် ရှိခဲ့ပါသည်။ ၁၈၉၄ ခုနှစ်၊ အကျဉ်း ထောင်လက်စွဲဥပဒေကို အနည်းအကျဉ်းပြင်ဆင်၍  ဆာကြူလာများ (Circular) ညွှန်ကြားချက်များ( Routine Orders) ထုတ်ပြန်၍ အစားထိုးဆောင်ရွက်စေခဲ့ပါသည်။ စံပြအကျဉ်းထောင်များ ၁၉၅၀ ခုနှစ်တွင် အကျဉ်းထောင်အုပ်ချုပ်ရေးနှင့် ပတ်သက်၍ စံပြစီမံကိန်းကို စမ်းသပ်အကောင်အထည်ဖေါ်ခဲ့ပါသည်။ ၁၉၅၀ ခုနှစ်တွင် ရန်ကုန်ထောင်ကို စံပြအကျဉ်း
ထောင်အဖြစ်သတ်မှတ်ပြီး၊ ၁၉၅၁ ခုနှစ်တွင် အင်းစိန်ထောင်၊ ပုသိမ်ထောင်၊မြောင်းမြထောင်၊ မန္တလေးထောင်တို့ကို စံပြထောင်များအဖြစ် သတ်မှတ်ခဲ့ပါသည်။ စံပြထောင်များတွင် ပြစ်ဒဏ်ကျခံရသူများသည် ကျခံရသောပြစ်ဒဏ်၏သုံးပုံတစ်ပုံကို လျှော့ရက်အဖြစ် ကြိုတင်ပေးထားပြီး ထောင်တွင်း၌ ပြစ်မှုမဖြစ်ပါက လျှော့ရက်သုံးပုံတစ်ပုံကို အပြည့်ခံစားခွင့်ရပါသည်။ ထောင်တွင်း၌ ပြစ်မှုဖြစ်သော အကျဉ်းသားများအတွက်မူ ပြစ်မှုအလိုက် လျှော့ရက်များကို ဖြတ်တောက်ပြီး၊ ကြိုတင်ရရှိပြီးဖြစ်သော သုံးပုံတစ်ပုံလျော့ရက်ထဲမှ ပြန်လည်ဖြတ်တောက်သောစနစ်ကို ကျင့်သုံးပါသည်။ ၎င်းအပြင် စံပြအကျဉ်းထောင်တွင်ကျခံရသော အကျဉ်းသားများသည် အခြားအကျဉ်းထောင်များတွင် ကျခံရသောအကျဉ်းသားများကဲ့သို့လုံချည်အဖြူမဝတ်ရဘဲ အိပ်ဆောင်အလိုက် သတ်မှတ်ထားသောအရောင်ပါသည့် လုံချည်များကို ဝတ်ဆင်ခွင့်ရရှိကြသည်။

ရဲဘက်စခန်းစတင်ဖွင့်လှစ်ခြင်း
        ၁၉၆၂ ခုနှစ်၊ မတ်လ(၂)ရက်နေ့တွင် တော်လှန်ရေးကောင်စီက နိုင်ငံတော်အာဏာကို ရယူထိန်းသိမ်းခဲ့ပြီးနောက် အကျဉ်းသားများနှင့်ပတ်သက်၍ မှတ်တမ်းတင်ရမည့် ထူးခြားသော ပြုပြင်ပြောင်းလဲမှုကြီးကိုပြုလုပ်ခဲ့ပါသည်။ အကျဉ်းထောင်များထဲတွင် အလဟဿပြုန်းတီးနေသော အကျဉ်းသားများ၏လုပ်အားကို နိုင်ငံတော်အတွက် စနစ်တကျ အသုံးပြုရန် ၁၉၆၂ ခုနှစ်၊ ဇွန်လတွင် ပုလဲ-ဂန့်ဂေါ လမ်းဖေါက်လုပ်ရေးစီမံကိန်းကို စတင်ဆောင်ရွက်ခဲ့ပါသည်။ အကျဉ်းထောင်များမှ အကျဉ်းသားများကိုထုတ်၍ အမှတ်(၉၀၆) စစ်မြေပြင်အင်ဂျင်နီယာတပ်မှ ဦးဆောင်ပြီးလမ်းဖေါက်လုပ်ပါသည်။ အကျဉ်းသားများကိုလည်း ရဲဘက်ဟူသော အသုံးအနှုန်းကို စတင်ခေါ်ဝေါ်သုံးစွဲခဲ့ပါသည်။ အကျဉ်းသားများ လုပ်အားအသုံးချရေးလုပ်ငန်းကို အလုပ်သမားတပ်မဟာဌာနချုပ်ဟု စတင်ခေါ်ဝေါ်သုံးစွဲခဲ့ပြီး၊ နောက်ပိုင်းတွင် ပြည်သူ့အကျိုးပြုတပ်ဖွဲ့ဟုပြင်ဆင်ခေါ်ဝေါ်သုံးစွဲခဲ့ပါသည်။

တော်လှန်ရေးကောင်စီလက်ထက်ပြုပြင်ပြောင်းလဲမှုများ
         တော်လှန်ရေးကောင်စီလက်ထက်တွင် အကျဉ်းသားများနှင့်ပတ်သက်၍ ၁၉၆၃ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့တွင် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ခဲ့ပါသည်။ ပြည်သူ့လွှတ်တော်သို့ လွှဲအပ်သည့်အခါ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားရေးဝန်ကြီးဌာနကို ဖျက်သိမ်းရမည်ဖြစ်၍ ၂၈-၂-၇၄ ရက်နေ့တွင် အကျဉ်းဦးစီးဌာနအား တရားရေးဝန်ကြီးဌာနလက်အောက်မှ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနလက်အောက်သို့လည်းကောင်း၊ ၁-၃-၇၄ ရက်နေ့တွင် သရက်မြို့ရှိ လူငယ်သင်တန်းကျောင်း(ဘော်စတယ်)ကို လူမှုဝန်ထမ်းဝန်ကြီးဌာနလက်အောက်သို့လည်းကောင်း လွှဲပြောင်းပေးခဲ့ပါသည်။

အကျဉ်းထောင်သစ်များတည်ဆောက်ခြင်း
        အကျဉ်းထောင်မရှိသောနေရာများတွင် အကျဉ်းထောင်သစ်များ တည်ဆောက်ပေးခြင်းဖြင့် မိမိဒေသအတွင်း၌ပင် ပြစ်ဒဏ်ကျခံရသောကြောင့် မိမိတို့မိသားစုနှင့်မပြတ် တွေ့ဆုံနိုင်ခွင့်ရှိခြင်း၊ မိမိနှင့် မိသားစုများ၏ကျန်းမာရေး၊ သာရေး၊ နာရေး အခြေအနေများကို သိရှိနိုင်ခြင်း၊ နေထိုင်စားသောက်မှုအဆင်ပြေမှုရှိခြင်း၊ နိုင်ငံတော်အတွက်လည်း တစ်နေရာမှတစ်နေရာသို့ ပြောင်းရသည့်စရိတ်စကများ သက်သာမှုရှိသည့်အပြင် လုံခြုံရေးအတွက် လိုက်ပါပို့ဆောင်ရသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့်လည်း လုပ်ငန်းတာဝန်များ တစ်ဖက်တစ်လမ်းမှ လျော့နည်းမှု စသောအကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

Office Address and Location Map: 

တနင်္သာရီတိုင်းဒေသကြီးအကျဉ်းဦးစီးမှူးရုံး
မြစေတီလမ်း၊ ကျောက်မော်ရပ်ကွက်၊ ထားဝယ်မြို့
ဖုန်းနံပါတ် - ၀၅၉-၂၃၅၄၁

ထားဝယ်အကျဉ်းထောင်
အာဇာနည်လမ်း၊ ရှမ္မလည်ဆွဲရပ်ကွက်၊ ထားဝယ်မြို့
ဖုန်းနံပါတ် - ၀၅၉-၂၁၀၁၆

မြိတ်အကျဉ်းထောင်
အမှတ်(၁)ကျောင်းလမ်း၊ ကန်ဖျားရပ်ကွက်၊ မြိတ်မြို့
ဖုန်းနံပါတ် - ၀၅၉ - ၄၁၃၀၀

ကော့သောင်းအကျဉ်းထောင်
ကော့သောင်း-ဘုတ်ပြင်းကားလမ်းဘေး၊ (၁၀)မိုင်ကျေးရွာအုပ်စု၊ ကော့သောင်းမြို့၊  
ဖုန်းနံပါတ်- ၀၉-၈၇၈၀၁၆၅