Follow Us

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး (တတိယနေ့) ကျင်းပခြင်း

Wed, 11/30/2016 - 17:38

ထားဝယ် နိုဝင်ဘာ ၃၀

  ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး (တတိယနေ့)အား တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ရုံးအစည်းအဝေးခန်းမ၌(၃၀.၁၁.၂၀၁၆) ရက်နေ့၊(၁၀:၀၀)နာရီအချိန်တွင် စတင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်(၁၉)ဦး၊တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၇)နှင့် လေ့လာသူသတင်းမီဒီယာ(၁၀)ဦးတို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် ဦးမြင့်ဝေ၊ ညွှန်ကြားရေးမှူး၊ လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးက ဆောင်ရွက်ခဲ့ပါသည်။
    တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးခင်မောင်အေးနေရာယူပြီးနောက် အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၂၈)ဦးရှိသည့်အနက် (၂၈)ဦး တက်ရောက်ခဲ့သဖြင့် စုစုပေါင်း(၁၀၀) ရာခိုင်နှုန်းရှိပြီး တက်ရောက်သည့် ကိုယ်စားလှယ်ဦးရေသည် အစည်းအဝေးအထမြောက်ရန် လိုအပ်သော ကိုယ်စားလှယ်ဦးရေ(၃)ပုံ (၁)ပုံထက် ကျော်လွန် တဲ့အတွက် ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး (တတိယနေ့)အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
   အစည်းအဝေး၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ (တတိယနေ့) အစည်းအဝေးတက်ရောက်မှုကို မှတ်တမ်းတင်ခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြု ထားသောကြယ်ပွင့်ပြထားသည့်မေးခွန်း(၁၀)ခုအား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် များက မေးမြန်းခြင်း နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်း၊ ပုလောမဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်း(ခ)ဦးဖိုးမင်းက“တနင်္သာရီတိုင်းဒေသကြီးအတွင်းတိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှ ဆောင်ရွက်နေသောအားကစားလှုပ်ရှားမှုပြိုင်ပွဲများ၊ လေ့ကျင့်ပေး မှုများ၊ သင်တန်းများ၊ အားကစားပစ္စည်းနှင့် ငွေကြေးထောက်ပံ့မှုများကို တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်တွင် ဆောင်ရွက်သလိုမျိုး ရပ်ကွက်၊ ကျေးရွာအုပ်စုများအဆင့်တွင်လည်း ဘက်စုံအားကစားသမားကောင်းများဖွံ့ဖြိုးတိုးတက်ပေါ်ထွန်းလာစေဖို့ လေ့ကျင့်ပျိုးထောင် ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနအား တိုက်တွန်းကြောင်းအဆို” နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခြင်းနှင့်လွှတ်တော် ကိုယ်စားလှယ်(၁)ဦး ကထောက်ခံခြင်းနှင့် တနင်္သာရီမဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးအောင်သူရက “တနင်္သာရီ တိုင်းဒေသကြီးအတွင်း ဒေသခံများ၊  ကုမ္ပဏီကြီး များကသစ်တောကြိုးပြင်၊ကြိုးဝိုင်းအတွင်းမှ အမြဲစိမ်း အပိတ်ဖုံးသစ်တောကြီးများကို အပြောင်ရှင်း၍နှစ်ရှည်ပင်များစိုက်ပျိုးနေမှုကိုလုံးဝခွင့်မပြုရန်နှင့်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို လည်းဥပဒေ နှင့်အညီလုပ်ကိုင်ခွင့်ပြုရန်နှင့် တောများအပြောင်ရှင်း၍မီးရှို့ရာတွင်လည်း စနစ်တကျပြုလုပ်ပေးရန် တိုက်တွန်းကြောင်းအဆို” တို့နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး လွှတ်တော်သို့ တင်သွင်းခြင်းနှင့်လွှတ်တော် ကိုယ်စားလှယ်(၁)ဦးကထောက်ခံခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်တတိယ ပုံမှန် အစည်းအဝေး (တတိယနေ့) ကို (၁၂:၁၀) နာရီ အချိန်တွင် ရပ်နားခဲ့ပါသည်။
    အစည်းအဝေး(တတိယနေ့)၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုကို မှတ်တမ်းတင်ခြင်း၊ကြယ်ပွင့်ပြမေးခွန်း(၁၀)ခုကို မေးမြန်းခြင်းနှင့်ဖြေကြားခြင်း၊တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်(၂)ဦးက အဆို(၂)ခုအား တင်သွင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်တတိယပုံမှန် အစည်းအဝေး (စတုတ္ထနေ့)ကို (၁.၁၂.၂၀၁၆)ရက် (ကြာသပတေးနေ့) (၁၀:၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
                                   (တနင်္သာရီတိုင်းဒေသကြီးပြန်/ဆက်)