Follow Us

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကျင်းပခြင်း

Tue, 11/29/2016 - 17:46

​​

ထားဝယ် နိုဝင်ဘာ ၂၉

    ဒုတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်တတိယပုံမှန်အစည်းအဝေး(ဒုတိယနေ့)အား တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ (၂၉.၁၁.၂၀၁၆)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် စတင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁၉)ဦး၊ တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၇)ဦးနှင့် လေ့လာသူသတင်းမီဒီယာ(၁၁)ဦးတို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် ဦးမြင့်ဝေ၊ ညွှန်ကြားရေးမှူး၊ လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးက ဆောင်ရွက်ခဲ့ပါသည်။

     တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးခင်မောင်အေး နေရာယူပြီးနောက် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၂၈)ဦး ရှိသည့်အနက် (၂၇)ဦး တက်ရောက်ခဲ့သဖြင့် စုစုပေါင်း(၉၆.၄၂) ရာခိုင်နှုန်းရှိပြီး တက်ရောက်သည့် ကိုယ်စားလှယ်ဦးရေသည် အစည်းအဝေး အထမြောက်ရန် လိုအပ်သောကိုယ်စားလှယ်ဦးရေ (၃)ပုံ(၁)ပုံ ထက်ကျော်လွန်တဲ့အတွက် ဒုတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး(ဒုတိယနေ့)အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။

      အစည်းအဝေး၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ(ဒုတိယနေ့)အစည်းအဝေး တက်ရောက်မှုကိုမှတ်တမ်းတင်ခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုထားသော ကြယ်ပွင့်ပြထားသည့်မေးခွန်း(၁၁)ခုအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး အဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြား ခြင်း၊ တပ်မတော်သားတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဗိုလ်မှူးထွန်းထွန်းဦးက တင်သွင်းထားသော “ တန်ဖိုး မဖြတ်နိုင်သော သဘာဝလက်ဆောင်မွန်များ ဖြစ်သည့် သဘာဝရေထွက်များ မခန်းခြောက်စေရန်၊ ထိုရေထွက်များကို မှီခိုအားထားနေရသော မြို့သူမြို့သား၊ ရွာသူရွာသား၊တိုင်းသူပြည်သား လူအများသဘာဝဘေးအန္တရာယ် နှင့်မကြုံတွေ့ရစေရန် ရေထွက်ရှိရာ ရေဝေရေလွှဲ၊ တောင်ကြော၊ တောင်ကုန်း၊ တောင်တန်းများကို ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ပေးခြင်းမှ ရုပ်သိမ်း ပယ်ဖျက်ပြီး နိုင်ငံတော်ပိုင် သစ်တောကြိုးဝိုင်းဧရိယာအဖြစ် ပြန်လည်သတ်မှတ်၍ ရေရှည်တည်တံ့သည့် ပြန်လည်ပြည့်ဖြိုးမြဲသဘာဝအရင်းအမြစ်များအဖြစ် ထိန်းသိမ်းရေး ဆောင်ရွက်သွားပါရန် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆို ” နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း၊သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့်ဘုတ်ပြင်းမဲဆန္ဒနယ် အမှတ်(၁)မှတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးဆွေမြင့် (ခ) မန်းဆွေမြင့်ကတင်သွင်းထားသော  “ တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်းခရိုင်၊  ဘုတ်ပြင်းမြို့နယ်၊ (Andaman) ပင်လယ်အတွင်းရှိ အမျိုးသား သဘာဝဥယျာဉ် လန်ပိအဏ္ဏဝါကျွန်းကြီး(Marine  National Park on Lanbi Island at Anawar Sea)အား အိပ်ပျော်နေသော ကျွန်းကြီးအဖြစ်မှ ပြန်လည်နိုးထ အသက်ဝင်လာသောတနင်္သာရီ တိုင်းဒေသကြီး ၏ (Popular)ကျွန်းကြီးတစ်ခုအဖြစ် ပေါ်ထွက်လာစေရန်ကျွန်းပေါ်တွင် ခရီးသွား လမ်းကြောင်းများ ဖောက်လုပ်ပေးခြင်း၊  တောရိုင်းတိရစ္ဆာန်များ၏အန္တရာယ်မှ ကာကွယ်ရန်  ခရီးသွား များအတွက် ရေပေါ်ဘန်ဂလိုများတည်ဆောက်ပေးခြင်း၊ ကျွန်းနှင့်သုတေသနအဖွဲ့များ လုံခြုံရေး အတွက်တပ်စခန်း သို့မဟုတ် ရဲစခန်းများတည်ဆောက်ပေးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေး နိုင်ရန် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း အဆို”နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးက ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းနှင့်တိုင်းဒေသကြီးလွှတ်တော်ဥပဒေ လေ့လာသုံးသပ်ရေးကော်မရှင်အဖွဲ့ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် ကော်မရှင် အဖွဲ့၏တာဝန်၊ လုပ်ပိုင်ခွင့်၊ရပိုင်ခွင့်၊သက်တမ်းတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း နှင့်လွှတ်​တော်၏ အတည်ပြုချက်ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ဒုတိယအကြိမ်တနင်္သာရီတိုင်း ဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကို (၁၂:၁၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။

  အစည်းအဝေး(ဒုတိယနေ့)၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုကိုမှတ်တမ်းတင်ခြင်း၊ ကြယ်ပွင့်ပြမေးခွန်း(၁၁)ခုကို မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၂)ဦးက တင်သွင်းသည့် အဆို(၂)ခုကိုတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၄)ဦးကထောက်ခံဆွေးနွေးခြင်းနှင့် ယင်းအဆို(၂)ခုကို အတည်ပြုကြောင်း ဆုံးဖြတ်ခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥပဒေ လေ့လာသုံးသပ်ရေးကော်မရှင်အဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့်ကော်မရှင်အဖွဲ့၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း နှင့်လွှတ်တော်၏ အတည်ပြုချက်ရယူခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်တတိယ ပုံမှန်အစည်းအဝေး(တတိယနေ့)ကို (၃၀.၁၁.၂၀၁၆)ရက် (ဗုဒ္ဓဟူးနေ့) (၁၀:၀၀) နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

                                                                                                                        (တနင်္သာရီတိုင်းဒေသကြီးပြန်/ဆက်)