Follow Us

ဟိန္ဒားသတ္တုတွင်းလုပ်ငန်း လုပ်ဆောင်ချက်များသွားရောက်ကြည့်ရှုစစ်ဆေးခြင်း

Wed, 11/09/2016 - 14:08

ထားဝယ်    နိုဝင်ဘာ ၉
    တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးသက်ဆိုင်ရာဌာနအကြီးအကဲများသည် ၂၀၁၆ခုနှစ် နိုဝင်ဘာလ (၈)ရက်နေ့ နံနက် (၉၀၀)နာရီအချိန်တွင် ထားဝယ်မြို့ ဟိန္ဒားသတ္တုမိုင်း လုပ်ကွက် မြောင်းပြိုချောင်းရှိ နှုန်းစစ်ကန်များနှင့် ချောင်းနံဘေးရှိ တည်ဆောက်ထားသည့် စေတီဘုရားကို ရေတိုက်စားမှုမှ ကာကွယ်ရန် ချောင်းလမ်းကြောင်းဖောက်လုပ်မည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့သည်။
    ယင်းနောက် Side A ရှိ ကျောက်မြေသားများ၏ ရေပန်းထိုးသန့်စင်မှုအနေအထားကို ကြည့်ရှုပြီး သတ္တုသန့်စင်စက်ရုံရှိ လုပ်ငန်းဆောင်ရွက်မှုနှင့် သတ္တုသိုလှောင်ထားမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
    ဆက်လက်၍ ဟိန္ဒားသတ္တုမိုင်း ဆေးရုံ ပြန်လည်ပြုပြင်ထားမှုများ ကြည့်ရှု၍ ဟိန္ဒားသတ္တုမိုင်း မြန်မာ ပွန်ပီပတ် ကုမ္ပဏီလိမိတက်မှ ဆေးပဒေသာပင်အတွက် သိန်း(၁၀၀)ကျပ်ကို လှူဒါန်းခဲ့ပြီး အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် က ကျောင်းအုပ်ဆရာမကြီး ထံ ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းသုံး ဗလာစာအုပ်(၂၀၀)ဒါဇင်ကို လှူဒါန်းပေးခဲ့ပါသည်။
    ထို့နောက် ဟိန္ဒားသတ္တု ဧည့်ရိပ်သာဆောင်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် နှင့် တာဝန်ရှိ သူများက သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံသတ္တုလုပ်ကွက်စောင့်ကြည့်ရေးအဖွဲ့ပြည်သူ များနှင့် တွေ့ဆုံရာ ဝန်ကြီးချုပ်မှ 
၁။ သတင်းစာရှင်းလင်းပွဲပြုလုပ်ရန်၊ လူတန်းစာအလွှာ အသီးသီးပါဝင်ရန်၊
၂။ နုန်းစစ်ကန်(၇)ခု ကြံ့ခိုင်ရေးကို ပွင့်လင်းရာသီတွင် ဆက်လက်လုပ်ဆောင်ရန်၊
၃။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး EMP Program ကိုအမြန်ဆုံး လုပ်ပေးရန်၊
၄။ အလုပ်သမား(၃၃၀)ဦးတို့၏ အသက်/အိုးအိမ်/စည်းစိမ်တို့ကို ကာကွယ်စောင့်ရှောက်ရန်၊
၅။ မြောင်းပြိုချောင်းကို ရေစီးရေလာကောင်းစေရန် ပြန်လည်တူးဖော်ရန်၊
၆။ စွန့်ပစ်မြေစာကို သတ်မှတ်ထားသည့်နေရာတွင်သာ စွန့်ပစ်ရန် တို့ကို ပြောကြားပြီး တိုင်းဒေသကြီး သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင် က ဒေသခံစောင့်ကြည့်ရေး အဖွဲ့များကို စနစ်တကျတာဝန်ချထားရေး ကိစ္စများဆွေးနွေးပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီး သတ္တုအမှတ်(၂) ဦးစီးမှူး ဦးအောင်ကျော်ဦး က သတ္တုမိုင်းလုပ်ငန်းကို ပြည်သူလူထုမထိခိုက်စေရန်နှင့် အလုပ်သမားများ အခွင့်အရေးရရှိရန် ပြောကြားခဲ့ပါသည်။
    အဆိုပါ ဆွေးနွေးတွင် ဒေသခံပြည်သူများ နှင့် စောင့်ကြည့်ရေးအဖွဲ့များ၏ တင်ပြချက်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားပြီး ၁၂၄၅ နာရီအချိန်တွင် ပြန်လည်ထွက်ခွာလာခဲ့ကြောင်းသတင်းရရှိပါသည်။

(တနင်္သာရီတိုင်းဒေသကြီးပြန်/ဆက်)