Follow Us

ပြည်သူများ ဗောတံတား အသုံးပြုမှုအဆင်ပြေချောမွေ့စေရေး သံမဏိဆိပ်ခံဗော တံတား (၂) ခု ပြုပြင်ဆောင်ရွက်မည်

Mon, 11/07/2016 - 16:24

မြိတ် နိုဝင်ဘာ ၅

      မြိတ်ဆိပ်ကမ်းတွင် ခရီးသွားပြည်သူများ အသုံးပြုလျက်ရှိသည့် ဆိပ်ခံဗောတံတားများ၌ အဆင်ပြေ ချောမွေ့စွာသွားလာ နိုင်ရေးနှင့် ဗောတံတားကြံ့ခိုင်မှုရှိရေးအတွက် မြန်မာ့ဆိပ်ကမ်း အားဏာပိုင်မှ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ရန်ပုံငွေဖြင့် ပေ(၁၂၀×၂၀)ဗောတံတားနှင့် ပေ(၃၀×၂၀) ဗောတံတား(၂)ခုကို အကြီးစားပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ဗောတံတား(၂)ခုကို အကြီးစားပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် တင်ဒါ အဆိုပြုလွှာများ လက်ခံခြင်းနှင့် ဖွင့်ဖောက်စိစစ်ခြင်းကို နိုဝင်ဘာလ(၅)ရက် နံနက်(၁၀)နာရီက မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးတွင် ဆောင်ရွက် ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးဆိပ်ကမ်း အရာရှိ ဦးမြတ်စိုးဝင်းက မြိတ်ဆိပ်ကမ်းလုပ်ငန်းများနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်းပြောကြားခဲ့သည်။
    ၎င်းနောက် ပေ(၁၂၀×၂၀)သံမဏိဆိပ်ခံဗောတံတားပြုပြင်ခြင်းအတွက် ခန့်မှန်းကုန်ကျငွေ (၃၇.၉၅၅)သန်း နှင့် ပေ(၃၀×၂၀)သံမဏိဆိပ်ခံဗောတံတားများပြုပြင်ခြင်းအတွက် ခန့်မှန်း ကုန်ကျငွေ (၁၈.၁၂၀)သန်းတို့ကို အကြီးစား ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်ရန် တင်ဒါတင်သွင်းသူ များ၏ အဆိုပြုတင်ဒါများကို တင်ဒါစိစစ်ရေး ကော်မတီက ပွင့်လင်းမြင်သာစွာ ဖွင့်ဖောက် စိစစ်ခဲ့ကြသည်။ အဆိုပြုထားသောတင်ဒါများအား တင်ဒါစိစစ်ရေးကော်မတီမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးသို့ တင်ပြသွားမည်ဖြစ်ကြောင်းသိရသည်။ တင်ဒါစိစစ်ရွေးချယ်ပြီးနောက် အကြီးစားပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်ရန် လွန်းကျင်းတင်ထားသောဗောတံတား(၂)ခုကို ဝန်ကြီးနှင့်တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ 

ရေးသားပေးပို့သူ - ခိုင်ထူး ( မြိတ် ပြန်/ဆက် )