Follow Us

ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

Mon, 10/31/2016 - 17:25

Vertical Tabs

About Topic

ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏လုပ်ငန်းတာဝန်များ   
လုပ်ငန်းတာဝန်ကြီး(၈)ရပ်
(၁) မြစ်များ ရေလမ်းကြောင်းကောင်းမွန်ပြီး မြို့ဆိပ်ကမ်းများ မပြောင်းရွေ့ရဘဲ တစ်ဆယ်နှစ်ရာသီ အသုံးပြုနိုင်စေရန်။ 
(၂) မြို့ရွာများ ရေတိုက်စားကမ်းပြိုမှုမှ ကာကွယ်ရန်။
(၃) မြို့များအလိုက် စိုးရိမ်ရေမှတ်များ သတ်မှတ်ရာတွင် မှန်ကန်မှုရှိစေရန်အတွက် ပေါင်းစပ်ဆောင်ရွက်ရန်။
(၄) မြစ်ရေအား သောက်သုံးရေအဖြစ်လည်းကောင်း၊ စိုက်ပျိုးရေအဖြစ်လည်းကောင်း  တစ်ဆယ့်နှစ်ရာသီ အသုံးချနိုင်စေရန်အတွက် ညှိနှိုင်းဆောင်ရွက်ရန်။
(၅) နယ်စပ်မြစ်များတွင် မိမိနိုင်ငံပိုင်မြေ မဆုံးရှုံးစေရေးအတွက် ကာကွယ်တားဆီးရန်။
(၆) စီမံကိန်းဝင်မြစ်ကူးတံတားကြီးများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် စစ်ဆေးတင်ပြရန်။
(၇) ရေထုညစ်ညမ်းမှု မပေါ်ပေါက်စေရေးအတွက် စည်းကမ်းသတ်မှတ် ကွပ်ကဲရန်။ 
(၈) မြစ်ကြောင်းများ ရေအနက်မြင့်မားလာစေရေးနှင့် ရေယာဉ်များ ဝန်တင်အလေးချိန် တိုးတက် တင်ဆောင်သွားလာနိုင်စေရန်။

ဦးစီးဌာန၏လုပ်ငန်းအကြောင်းအရာအလိုက်ဆောင်ရွက်လျက်ရှိသည့်လုပ်ထုံးလုပ်နည်းများ     
    ဤဦးစီးဌာန၏ လုပ်ငန်းတာဝန်ကြီး(၈)ရပ်နှင့်အညီ မိမိတိုင်းဒေသကြီးနယ်မြေဒေသအတွင်းရှိ မြစ်များရေလမ်းကြောင်းကောင်းမွန်ရေး စီမံကိန်းဝင်မြစ်ကူး တံတားကြီးများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် စစ်ဆေးတင်ပြခြင်း၊ မြို့ရွာများရေတိုက်စားမှုမှ ကာကွယ်ရန် ကမ်းပြိုကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မြစ်ရေလမ်းကြောင်းများ ရေအနက်မြင့်မားလာစေရန် ဆောင်ရွက်ခြင်း၊ နယ်စပ်မြစ်များတွင် မိမိနိုင်ငံပိုင်မြေ မဆုံးရှုံးစေရေးအတွက် ကာကွယ်ခြင်းတို့ကို ဒေသ၏လိုလားချက်များနှင့်အညီ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရုံးချုပ်၏ လမ်းညွှန်မှုကိုခံယူ၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါသည်။ တိုင်းဒေသကြီးအတွင်းရှိ မြစ်ချောင်းနယ်၊ ကမ်းပါးနယ်နှင့် ကမ်းနားနယ်အတွင်း အဆောက်အအုံဆောက်လုပ်ခြင်း၊ မြစ်ကျောက်စရစ်၊ မြစ်သဲထုတ်လုပ်ရန် သဘောထားမှတ်ချက်တောင်းခံလာပါက ဦးစီးဌာနမှ ကွင်းဆင်းတိုင်းတာစစ်ဆေးပြီး မြစ်ရေလမ်းကြောင်းများ မပျက်စီးစေရေးနှင့် ကမ်းပြိုကမ်းစားမှုများ မဖြစ်ပေါ်စေရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထုတ်လုပ်သွားရန်အတွက် သဘောထားမှတ်ချက် ပြန်ကြားပေးလျက်ရှိပါ သည်။ ဦးစီးဌာနမှ ကွင်းဆင်းတိုင်းတာစစ်ဆေးခြင်းများအတွက် လုပ်ငန်းကုန်ကျစရိတ်နှင့် ဦးစီးဌာနမှ သတ်မှတ်ထားသော ဝန်ဆောင်မှုစရိတ်တို့ကိုလျှောက်ထားသူမှ ကျခံ ပေးသွင်း ရမည်ဖြစ်ပါသည်။ နစ်မြုပ်ရေယာဉ် တူးဖော်ဆယ်ယူခွင့်လျှောက်ထားခြင်း၊ မြစ်ချောင်းနယ်၊ ကမ်းပါးနယ်နှင့် ကမ်းနားနယ်တို့တွင် ဆိပ်ခံတံတား သို့မဟုတ် ဗောတံတား၊ ရေဆင်းတံတား ဆောက်လုပ်ရန်လျှောက်ထားခြင်း၊ မြစ်ချောင်းနယ်၊ ကမ်းပါးနယ်နှင့် ကမ်းနားနယ်တို့တွင် လွန်းလမ်း၊ သင်္ဘောကျင်း၊ ရေစိုသင်္ဘောကျင်း၊ ရေလုံသင်္ဘောကျင်း တည်ဆောက်ခြင်း လုပ်ငန်း လုပ်ကိုင်ရန်လျှောက်ထားခြင်း၊ မြောင်းဖော်၍ သင်္ဘောကမ်းထိုးခြင်းလုပ်ငန်း ခွင့်ပြုချက်ထုတ်ပေးရန်လျှောက်ထားခြင်း၊ ကမ်းပါးနယ်နှင့် ကမ်းနားနယ်အတွင်း တည်ဆောက် ရေးလုပ်ငန်းသုံး သဲများ၊ ကျောက်များ၊ အုတ်များ၊ သစ်များနှင့် အခြားအရာဝတ္ထုများ စုပုံရန် လုပ်ငန်းခွင့်ပြုချက်လျှောက်ထားခြင်း၊ ကမ်းပါးနယ်နှင့် ကမ်းနားနယ်အတွင်း ရေတွင်း၊ ရေကန်တူးဖော်ခြင်း၊ မြေတူးခြင်းအတွက် ခွင့်ပြုချက်ထုတ်ပေးရန် လျှောက်ထားခြင်းတို့နှင့်စပ်လျဉ်း၍ ဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး၍ လုပ်ငန်းလုပ်ကိုင်ရန် ခွင့်ပြုချက် ထုတ်ပေးခြင်း များ ဆောင်ရွက်ပေးလျက်ရှိပါသည်။ သက်ဆိုင်ရာဝန်ကြီးဌာန၊ အစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးသည် လုပ်ငန်းလိုအပ်ချက်အရ မြစ်ချောင်းနယ်၊ ကမ်းပါး နယ်နှင့် ကမ်းနားနယ်အတွင်း မြစ်ကူးတံတားကြီးများကိုဖြစ်စေ၊ ချောင်းကူးတံတားကြီးများကိုဖြစ်စေ ဆောက်လုပ်လိုလျှင် လုပ်ငန်းအတိုင်းအတာပမာဏနှင့် လုပ်ငန်းကာလတို့ကို ပို့ဆောင်ရေးဝန်ကြီးဌာနသို့ တင်ပြပြီး သဘောတူညီချက် တောင်းခံရမည်ဖြစ်ပါသည်။
    ဤဦးစီးဌာနအနေဖြင့် လုပ်ငန်းလိုအပ်ချက်အရ အခြားဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ အကူအညီတောင်းခံလာသည့် ကိစ္စရပ်များနှင့် ညှိနှိုင်းဆောင်ရွက်ရမည့်ကိစ္စရပ်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရုံးချုပ်၏လမ်းညွှန်မှုကိုခံယူ၍ ကြိုးစားဆောင်ရွက်ပေးလျက်ရှိပါသည်။

 

 

Office Address and Location Map
Location Map: