Follow Us

မြိတ်ခရိုင်ရှာဖွေကယ်ဆယ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေး

Fri, 10/28/2016 - 14:56


မြိတ် အောက်တိုဘာ ၂၇
သဘာဝဘေးနှင့်ဘေးအန္တရာယ်များဖြစ်ပွားပါက ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်များကို အချိန်မီရှာဖွေ ကယ်ဆယ်ဆောင်ရွက်နိုင်ရေးအတွက် အောက်တိုဘာလ(၂၇)ရက် နေ့လယ်(၂)နာရီက မြိတ်ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာခန်းမတွင် မြိတ်ခရိုင်ရှာဖွေကယ်ဆယ်ရေးကော်မတီ အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး ရှာဖွေကယ်ဆယ်ရေးကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ရဲသူရိန်ခင်မောင်ရီက သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရေးအ ကြောင်းဆွေးနွေးပြောကြားခဲ့ပြီး မြိတ်ခရိုင်ရှာဖွေကယ်ဆယ်ရေးကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကို ကော်မတီဝင်များက သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ပြည်သူများအား အချိန်မီပြောင်းရွေ့ပေးနိုင်ရေးအတွက် သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရေးကဏ္ဍ၊ ရှာဖွေကယ်ဆယ်ရေးကဏ္ဍ၊ ကယ်ဆယ် ရေးပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေး စတဲ့ကဏ္ဍများကို ၀ိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြိတ်မြို့တွင် ရှာဖွေကယ်ဆယ်ရေးတပ်စု(၂)စု ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်(၇၀)ဦး၊ ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများ၊ လူနာတင်ယာဉ်(၁)စီး၊ ကယ်ဆယ်ရေးယာဉ်(၁)စီး အရန်သင့်ထားရှိကြောင်း၊ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ အား သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက အရန်သင့်ဖြစ်စေရေးအတွက် စုဖွဲ့လေ့ကျင့်မှုနှင့် ဇာတ်တိုက်လေ့ကျင့်မှု များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

ရေးသားပေးပို့သူ - ခိုင်ထူး ( မြိတ် ပြန်/ဆက် )