Follow Us

ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းများရှိ ​နေရပ်ပြန်လိုသော မြန်မာနိုင်ငံသားများ နေရပ်သို့ ပြန်လည်ခေါ်ယူ

Wed, 10/26/2016 - 14:25

ထားဝယ် အောက်တိုဘာ ၂၆

     တနင်္သာရီတိုင်းဒေသကြီး ထီးခီး-ဖူနန်လမ်းကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံဒုက္ခသည်စခန်းများရှိ နေရပ်ပြန်လိုသော မြန်မာနိုင်ငံသား(၆)ဦးကို နေရပ်သို့ပြန်လည်ခေါ်ယူရေးနှင့် ကြိုဆိုလက်ခံဆောင်ရွက်ရန်အောက်တိုဘာ(၂၅)ရက်၊ နံနက်(၁ဝ၃၀)နာရီတွင် တိုင်းဒေသကြီးကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဖြူဖြူဝင်းခေါင်းဆောင်သော မြန်မာဒုက္ခသည်များအား နေရပ်သို့ပြန်လည်ခေါ်ယူရေးနှင့်ကြိုဆိုလက်ခံရေးကော်မတီဝင်များက ထိုင်းနိုင်ငံ၊ Ratchaburi Province ၊Pu Nam Rom International Point of Entryစစ်ဆေးရေးဂိတ်တွင် နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့ပါသည်။
        အဆိုပါ လွှဲပြောင်းပေးအပ်ရာတွင် ထိုင်းနိုင်ငံ ကန်ချဘူရီခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး SingVisespochanakit ၊ ဒုအုပ်ချုပ်ရေးမှူး Mr.wisit Puangpetch တို့က မြန်မာနိုင်ငံသားများကို မိမိနေရပ်သို့ပြန်လည် ပို့ဆောင်ရာတွင် ထိုင်းနိုင်ငံအနေဖြင့် ကူညီဆောင်ရွက်ပေးခွင့်ရ၍ ဝမ်းမြောက်ပါကြောင်း၊ မြန်မာအစိုးရအနေဖြင့် ယခုကဲ့သို့ နွေးထွေးစွာ ကြိုဆိုသည့်အတွက် ကျေးဇူးတင်ရှိကြောင်းနှင့် မြန်မာဒုက္ခသည်စခန်းများရှိ နေရပ်ပြန်လိုသူများအား ဆက်လက် ပို့ဆောင်ပေးမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။
       ထို့နောက် မြန်မာဒုက္ခသည်များအား နေရပ်သို့ ပြန်လည်ခေါ်ယူရေးနှင့် ကြိုဆိုလက်ခံရေးကော်မတီဥက္ကဌ တိုင်းဒေသကြီးကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးမှူး ဒေါ်ဖြူဖြူဝင်းက   ယခုကဲ့သို့ မြန်မာနိုင်ငံသားများကို စနစ်တကျ လွှဲပြောင်းပေးအပ်မှုအပေါ် ထိုင်းနိုင်ငံအစိုးရနှင့် တာဝန်ရှိသူများကို ကျေးဇူးတင်ရှိပါကြောင်း၊ မိမိဒေသကောင်းမွန်စွာ ပြန်လည်ရောက်ရှိလာသည့် မိသားစုနှင့်အတူ ဝမ်းမြောက်ပါကြောင်း၊ ဆက်လက်၍နေရပ်သို့ ပြန်လိုသူများအား ကူညီဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားပါသည်။
       ဆက်လက်၍ ထိုင်းနိုင်ငံဒုက္ခသည်စခန်းမှ နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသား(၆)ဦးကို စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့သည်။ လွှဲပြောင်းပေးအပ်ပွဲသို့ မြန်မာသံရုံးကိုယ်စားလှယ်အဖြစ် ဦးဟောက်ခန့်ဆုန်း၊ မြန်မာဒုက္ခသည်များအား နေရပ်သို့ ပြန်လည်ခေါ်ယူရေးနှင့် ကြိုဆိုလက်ခံရေးကော်မတီဝင်များနှင့် နိုင်ငံမီဒီယာသမားများ တက်ရောက်ကြသည်။
      ထိုင်းနိုင်ငံဒုက္ခသည်စခန်းမှ နေရပ်ပြန်ရောက်ရှိလာသော မြန်မာနိုင်ငံသား(၆)ဦးမှာ အိမ်ထောင်ဦးစီး ဦးထွန်းထွန်းဝင်း၊ ဇနီးဒေါ်နော်စီးနာတို့၏သား၊ သမီးလေးဦးပါ မိသားစုတစ်စုဖြစ်သည်။ ၄င်းတို့အား တိုင်းဒေသကြီး မြန်မာဒုက္ခသည်များအား နေရပ်သို့ ပြန်လည်ခေါ်ယူရေးနှင့် ကြိုဆိုလက်ခံရေးကော်မတီဝင်မှ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ ကိစ္စအဝဝကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး တိုင်းဒေသကြီးလူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနက အိမ်ထောင်စုစာရင်းပြုလုပ်ပေးခြင်း၊ တိုင်းဒေသကြီးလူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနက ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ပြီး ၄င်းတို့၏နေရပ်ဖြစ်သော မေတ္တာမြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

(တနင်္သာရီတိုင်းဒေသကြီးပြန်/ဆက်)