Follow Us

စားသုံးရန်မသင့်သည့် ဓာတုဗေဒပစ္စည်းပါဝင်နေသော အအေးခဲအသားများ သိမ်းဆည်း မီးရှို့ဖျက်ဆီး

Mon, 10/24/2016 - 17:14

မြိတ် အောက်တိုဘာ ၂၁
    ပြည်သူများစားသုံးရန်မသင့်သည့် ဓာတုဗေဒပစ္စည်းပါဝင်နေသော ယိုးဒယားနိုင်ငံထုတ် CSP တံဆိပ်နှင့်CP တံဆိပ် ၊ BETAGROတံဆိပ်၊ SUN FOODတံဆိပ်တို့ပါရှိသည့် အအေးခဲအသားများသည် စားသုံးသူများအန္တရာယ် ဖြစ်စေနိုင်သော ကြောင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်သော မြို့နယ်အစား အသောက်နှင့် ဆေးဝါးများကြီးကြပ်ကွပ်ရေးကော်မတီသည် အောက်တိုဘာလ(၂၀)ရက် နေ့လယ်(၃)နာရီက အအေးခဲ အသားများ ရောင်းချသည့် MYEIK Shopping Center နှင့် GRAND JADE Shopoping Mall တို့အား ဝင်ရောက် ရှာဖွေခဲ့ကြောင်း သိရသည်။ 
ထိုသို့ရှာဖွေခဲ့ရာ MYEIK Shopping Center မှ ကြက်အသည်းအမြစ်၊ အရိုး၊ တောင်ပံ၊ ရင်အုံ၊ ကြက်သားတုံးများ ရောရာ(၁၇)ထုတ် ကာလတန်ဖိုး(၃၇၂၄၀၀)ကျပ်နှင့် GRAND JADE Shopoping Mall မှ ကြက်သားတုံး(၁) ကီလိုဂရမ်ပါ (၃၂)ထုတ်၊ (၂)ကီလိုဂရမ်ပါ(၁)ထုတ်၊ အရိုး(၂)ထုတ် စုစုပေါင်း(၃၅)ထုတ် ကာလတန်ဖိုး(၂၂၈၉၀၀)ကျပ်တို့အား တွေ့ရှိရ၍ စားသုံးသူများ အန္တရာယ်မဖြစ်ပွားစေရေးအတွက် မြို့နယ်အစားအသောက်နှင့် ဆေးဝါးများကြီးကြပ်ကွပ်ရေးကော်မတီမှ သိမ်းဆည်းခဲ့ကြောင်း သိရသည်။
သိမ်းဆည်းခဲ့သည့် အအေးခဲအသားများအား မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကို မှ ကြည့်ရှုစစ်ဆေးခဲ့ပြီး အအေးခဲအသားများအား မီးရှို့ဖျက်ဆီးရန်နှင့် နောက်ထပ်တင်သွင်းရောင်းချမှုမရှိရေး စောင့်ကြည့်ဖော်ထုတ်ကြရန် ပြော ကြားရာ မြို့နယ်အစား အသောက်နှင့် ဆေးဝါးများကြီးကြပ်ကွပ်ရေးကော်မတီမှ စားသုံးသူများအန္တရာယ်ဖြစ်စေနိုင်သော အအေးခဲ အသားများကို နောက်နောင်ရောင်းချခြင်းမပြုရန် MYEIK Shopping Centerနှင့် GRAND JADE Shopoping Mallတို့မှ တာဝန်ခံများအား မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် အသိပေးပြီး ခံဝန်ကတိလက်မှတ်ရေးထိုးခဲ့ကြကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
သိမ်းဆည်းခဲ့သည့် အအေးခဲအသားများအား အောက်တိုဘာလ(၂၁)ရက် နံနက်(၁ဝး၃၀)နာရီက ဘာသာစုံ သုသာန်အနီး အမှိုက်များဖျက်ဆီးသည့်နေရာတွင် မြို့နယ်အစား အသောက်နှင့် ဆေးဝါးများကြီးကြပ်ကွပ်ရေးကော်မတီမှ မီးရှို့ဖျက်ဆီးပစ်ခဲ့ကြောင်း သိရသည်။ စားသုံးသူများအန္တရာယ်ဖြစ်စေနိုင်သော အစားအစာများအား ရောင်းချခြင်း မရှိစေ ရေးအတွက် စားသောက်ကုန်ပစ္စည်းအရောင်းဆို်င်များ၊ စည်ပင်သာယာစျေးများတွင် မြို့နယ်အစားအသောက်နှင့် ဆေးဝါး များကြီးကြပ်ကွပ်ရေးကော်မတီမှ ရှောင်တခင် ရှာဖွေ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရေးသားပေးပို့သူ - ခိုင်ထူး ( မြိတ် ပြန်/ဆက် )