
ထားဝယ် ဇန်နဝါရီ ၁၅
ယနေ့ ၁၄၀၀ နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်းရှိ မြေပြင်၊ ရေပြင်ဧရိယာအတွင်း၌ Liquefied Natural Gas ကို Ship to Ship Transfer ဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ရေပြင်တွင်အခြေပြု၍ ဖြန့်ဖြူးနိုင်ရန် အကြိုစူးစမ်းလေ့လာမှုလုပ်ငန်းဆောင်ရွက်ရန် တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် SHAP Co.,Ltd တို့အကြားချုပ်ဆိုမည့် နားလည်မှုမှတ်တမ်း (မူကြမ်း)အား လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ မြစ်ကြောင်းအတွင်းသဲသောင်တူးဖော်ခြင်း၊ စက်မှုဇုန်များဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတို့အတွက် ကွင်းဆင်းစိစစ်ရေးနှင့်စာချုပ်(မူကြမ်း)များ စိစစ်ရေးကော်မတီဖြင့်စိစစ်သည့် အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရ၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးကျော်မင်း၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် ကော်မတီဝင်များ တက်ရောက် ခဲ့ပါသည်။
အခမ်းအနားတွင် တင်ဒါကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီး ဦးအောင်သူရ က တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် SHAP Co.,Ltdတို့မှ LNG နှင့်ပတ်သက်၍ အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဖြန့်ဖြူးနိုင်ရေးအတွက် ဖြစ်မြောက် နိုင်စွမ်းရှိ/မရှိ နားလည်မှုမှတ်တမ်း(မူကြမ်း)ကို စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနများအနေဖြင့်လည်း စာချုပ်(မူကြမ်း)နှင့်ပတ်သက်၍ မိမိတို့၏ဌာနနှင့် ပတ်သက် သည့်ကိစ္စရပ်များအား ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ ပါသည်။
ထို့နောက် စိစစ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(၃)၊ တိုင်းဒေသကြီးဥပဒေချုပ်မှ နားလည်မှု မှတ်တမ်း(မူကြမ်း)နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်၍ SHAP Co.,Ltd မှ ရှင်းလင်းတင်ပြခဲ့ပြီး စိစစ်ရေးကော်မတီဝင်များမှ နားလည်မှု မှတ်တမ်း(မူကြမ်း)အား စိစစ်၍ စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားကို ၁၅၄၀ နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။