Follow Us

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ကျွန်းစုမြို့ ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်

Wed, 10/19/2016 - 10:52


မြိတ် အောက်တိုဘာ ၁၈ 
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်သည် တိုင်းဒေသကြီးအစိုးရအဖွဲဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ(၁၈)ရက် နံနက် (၁၁း၃၀)နာရီက ကျွန်းစုမြို့ဒေသဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
ရှေးဦးစွာ ကျွန်းစုမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား အုပ်ချုပ်ရေးစွမ်းရည်များ တိုးတက်မြှင့်မားစေရေးအတွက် ဖွင့်လှစ်သည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့် မားရေး(၂/၂၀၁၆)သင်တန်းဖွင့်ပွဲကို တက်ရောက်အမှာစကားပြောကြားခဲ့သည်။ ထိုနောက် မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးခင်သိန်းမောင်က သင်တန်းဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းစတင်ပို့ချခဲ့သည်။ သင်တန်းကို ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၀)အုပ်စုမှ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး အောက်တိုဘာလ(၁၈)ရက်မှ(၂၂)ရက်အထိ သင်တန်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။
    ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့် အတူကျွန်းစုမြို့ ပေါ်နေပြည်သူများကို တိုးချဲ့ရေပေးဝေနိုင်ရေးအတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် JACA ( ODA Loan ) ချေးငွေဖြင့် ကတ္တလူကျေးရွာ၊နဝရတ်ရေအိုင်မှကျွန်းစုမြို့သို့(၇)မိုင်ခန့်အကွာအဝေးရှိရေပိုက်လိုင်းများသွယ်တန်းကာ ရေပေးဝေရေးအတွက် အလျား(၂၈ပေx၉လက်မ)၊ အနံ(၂၈ပေx၉လက်မ)၊ အမြင့်(၆ပေ)ရှိ ရေသိုလှောင်ကန် (၁)ကန်နှင့် အလျား(၂၄ပေ)၊ အနံ(၂၄)ပေ၊ အမြင့်(၁ဝပေ)ရှိ ရေစစ်ကန်(၁)ကန်အား B.M.G (Building Myanmar Group)ကုမ္မဏီမှ တာဝန်ယူဆောက်လုပ်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီးရေကန်အား သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစွာ ဆောင်ရွက်ရေးလမ်းညွှန်မှာကြားခဲ့သည်။
    ယင်းနောက် ကျွန်းစုမြို့တွင် မြို့နယ်ခန်းမတစ်ခုတည်ဆောက်နိုင်ရန်အတွက် မြေနေရာရွေးချယ် ဆောင် ရွက်ထားရှိမှုအားမြို့နယ်အုပ်ချုပ်ရေးမှူးက ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးချုပ်မှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 

ရေးသားပေးပို့သူ - ခိုင်ထူး ( မြိတ် ပြန်/ဆက် )