Follow Us

မြိတ်မြို့တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်

Wed, 10/19/2016 - 10:28

မြိတ် အောက်တိုဘာ ၁၈ 
    အုပ်ချုပ်ရေးကဏ္ဍ၏ အခြေခံအကျဆုံးတာဝန်ရှိ ပုဂ္ဂိုလ်များဖြစ်သည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ  အား အုပ်ချုပ်ရေးစွမ်းရည်များ တိုးတက်မြှင့်မားစေရေးအတွက် မြိတ်မြို့အထက(၃)ကျောင်း ပညာရတနာခန်းမတွင် မြိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၂)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၂)အုပ်စုမှ အုပ်ချုပ်ရေးမှူး(၃၄)ဦးနှင့် စာရေး ဝန်ထမ်း(၃၄)ဦးအားအောက်တိုဘာလ(၁၈)ရက်မှ (၂၂)ရက်အထိ စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။
    သင်တန်းဖွင့်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က သင်တန်းဖွင့် အမှာစကားပြောကြားရာတွင်  ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများသည် ပြည်သူများနှင့်အနီးကပ်နေရသူများဖြစ်၍ အုပ်ချုပ်ရေးမှူးများ၏ စွမ်းရည်နှင့်စွမ်းပကားမြှင့်တက်လာစေရေးသင်တန်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီစနစ်ကူးပြောင်းရာတွင် အရေးကြီးသလို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများသည်လည်း မိမိတို့၏ စွမ်း ဆောင်ရည်မြှင့်မားလာစေရန် ဥပဒေ နည်းဥပဒေများကို သိရှိထားရန်လိုကြောင်း ပြောကြားခဲ့သည်။
    ထိုနောက် မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်အေးက သင်တန်းဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး သင်တန်းစတင်ပို့ချခဲ့ကြောင်း သိရသည်။ သင်တန်းတွင် အဓိကအားဖြင့် ပူးပေါင်းပါဝင်မှုရှိသော စီမံကိန်းရေးဆွဲခြင်း၊ ခေါင်းဆောင်မှုစွမ်းရည်၊ ဆက်သွယ်ဖလှယ်မှုစွမ်းရည်၊ အငြင်းပွားမှုဖြေရှင်းခြင်း၊ ရှေ့လုပ်ငန်းစဉ် စီမံချက်ရေးဆွဲခြင်းနှင့် ဒေသန္တရအကြောင်းအရာများ စသည်တို့ကို သင်တန်းဆရာက ဦးဆောင်ဆွေးနွေးခြင်း မဟုတ်ဘဲ သင်တန်းသားများကိုယ်တိုင် အပြန်အလှန်ဆွေးနွေးခြင်းဖြင့် သင်တန်းပေး သွားမည်ဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ရေးသားပေးပို့သူ - ခိုင်ထူး ( မြိတ် ပြန်/ဆက် )