Follow Us

တနင်္သာရီတိုင်းဒေသကြီး၊ Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

Sat, 12/05/2020 - 20:16

ထားဝယ် ဒီဇင်ဘာ ၅

          ယနေ့ နံနက် ၁၀၀၀ နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ တနင်္သာရီတိုင်းဒေသကြီး၊ Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီး၊ Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော မြို့မိ၊ မြို့ဖများ တက်ရောက်ခဲ့ပါသည်။

          အစည်းအ‌ဝေးတွင် တနင်္သာရီတိုင်းဒေသကြီး၊ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင် က တနင်္သာရီတိုင်းဒေသကြီးအတွင်း (COVID-19) ရောဂါပိုးတွေ့ရှိနှုန်းထားမှာ နေ့စဉ်နှင့်အမျှ တွေ့ရှိမှုများရှိပါကြောင်း၊ အခြားတိုင်းနှင့်ပြည်နယ်များတွင်လည်း ရောဂါပိုးကူးစက်မှု နှုန်းမြင့်မားနေသည့်အတွက် တနင်္သာရီတိုင်းဒေသကြီးအတွင်းသို့ (COVID-19) ရောဂါပိုးကူးစက်မှု မရှိစေရေးအတွက် အလေးအနက်ထားဆောင်ရွက်လျက်ရှိပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် ခရိုင်(၃)ခရိုင်ရှိသည့်အနက် မြိတ်ခရိုင်သည် ကူးစက်မှုပိုများပါကြောင်း၊  တိုင်းဒေသကြီးအတွင်း သက်ဆိုင်ရာဒေသများရှိ (COVID-19)ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် ငွေအား၊ လူအား တို့ဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိသော အထောက်အကူပြုအဖွဲ့များ၊ အရပ်ဖက်အဖွဲ့အစည်း များအား တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် များစွာကျေးဇူးတင်ရှိပါကြောင်းနှင့် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို ပိုမိုကြီးကြပ် ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ ပါသည်။

          ထို့နောက် တနင်္သာရီတိုင်းဒေသကြီး၊ Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျ က Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ဆောင်ရွက်မှုအခြေအနေများအား ဆွေးနွေးတင်ပြခဲ့ပါသည်။

          ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသူများက ဆွေးနွေးတင်ပြခဲ့ကြပြီး တနင်္သာရီ တိုင်းဒေသကြီး၊ Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင် က နိဂုံးချုပ်စကား ပြောကြား ကာ ၁၃၁၀ နာရီ အချိန်တွင် အစည်းအဝေးပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။