Follow Us

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် ဒသမအကြိမ်စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

Thu, 11/26/2020 - 23:06

ထားဝယ် နိုဝင်ဘာ ၂၆

          ယနေ့ ၁၃၀၀ နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ လောကမာရ်ဇိန် ဘုရားကြီးဝင်းအတွင်း၌ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် ဒသမ အကြိမ် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ကြီး အမှူးပြုသော ဆရာတော်၊ သံဃာတော်(၉)ပါး၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင် ၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ပါသည်။

          ‌ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်မှ ဗုဒ္ဓရုပ်ပွားတော်  မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးများကို ဆက်ကပ်လှူဒါန်းပြီး တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်တို့မှ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရွှေကြာသင်္ကန်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ဆက်လက်၍ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ထားဝယ်မြို့၊ နိုင်ငံတော်ဩဝါဒစရိယ၊ ဇေယျဝတီစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသူရိယ မထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော် အရှင်သူမြတ်များထံမှ မေတ္တာသုတ်အစရှိသော အန္တရာယ်ကင်းပရိတ်တရားတော်များကို နာယူခြင်းများ ပြုလုပ်ပြီး တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် မှ ဒသမအကြိမ် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲအခမ်းအနားတွင် သာသနာရေးဆိုင်ရာ လျှောက်ထားလွှာဖြင့် ရိုသေစွာလျှောက်ထားခဲ့ပါသည်။

          ထို့နောက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့် တက်ရောက် လာသူများမှ ထားဝယ်မြို့၊ နိုင်ငံတော်ဩဝါဒစရိယ၊ ဇေယျဝတီစာသင်တိုက် ပဓါနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသူရိယမထေရ်မြတ်ထံ ကထိန်သင်္ကန်းကပ်လှူခြင်းနှင့် ဆရာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

          ၎င်းနောက် ထားဝယ်မြို့၊ နိုင်ငံတော်ဩဝါဒါစရိယ၊ ဇေယျဝတီစာသင်တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသူရိယမထေရ်မြတ်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး “ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု”  သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားရုပ်သိမ်းခဲ့ပြီး နဝမအကြိမ် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာ အောင်မြင်ကြောင်း အထိမ်းအမှတ်အဖြစ် ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးခြင်း ပြုလုပ်ခဲ့ပါသည်။

          ဒသမအကြိမ် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာတွင် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ အလှူရှင်များ၊ ကုမ္ပဏီများ၊ လုပ်ငန်းရှင်များနှင့် မြို့ပေါ်ရပ်ကွက်များမှ ပဒေသာပင်ပေါင်း ၁၁၆ ခု အတွက် ပစ္စည်းနှင့် ငွေသား စုစုပေါင်းတန်ဖိုးငွေကျပ် (၄၉၅၈၄၇၀၀)အား ထားဝယ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ စာရေးတံမဲဖောက်၍ လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။