Follow Us

ထားဝယ်ရိုးရာသပိတ်မျှောပွဲဖွင့်ပွဲကျင်းပ

Sun, 10/16/2016 - 12:44

                                                                            ထားဝယ် အောက်တိုဘာ  ၁၆
    နှစ်စဉ် ကျင်းပလျက်ရှိသော ဝါလကင်းလွတ်သီတင်းကျွတ်လပြည့်နေ့တွင် ထားဝယ်ရိုးရာ သပိတ်ပွဲဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ (၁၆)ရက်နေ့ နံနက်(၄)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဒေါင်းငူရပ်ကွက်၊ ဆိပ်ကမ်းသာလမ်း၊ ထားဝယ်မြစ်ကမ်းတွင်ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးခင်မောင်အေးနှင့် ရပ်မိရပ်ဖ ဦးစိန်ဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။
    ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက ထားဝယ်ရိုးရာသပိတ်မျှောပွဲကို ကိုယ်တိုင်ပါဝင်ကုသိုလ်ပြုကြပြီး ဒေသခံပြည်သူများက ထားဝယ်ရိုးရာမုခ်ဦးမှစ၍ အကွေ့(၁၂)ရှိသော ဝင်္ကကမ္ဘာကို ပျော်ရွှင်စွာဖြတ်ကျော်ကာ စုပေါင်းပါဝင်ကုသိုလ်ယူကြပါ သည်။
    ထိုသပိတ်မျှောပွဲကို နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လပြည့်နေ့တွင် ပြုလုပ်ကျင်းပလေ့ရှိပြီး စေတနာရှင်အလှူရှင်များက သပိတ်မျှောပွဲလာရောက်ကြည့်ရှုသူများကို စတုဒီသာများကျွေးမွေးဧည့်ခံခြင်း၊ သပိတ်မျှောပွဲတွင် မီးပုံးပျံများလွှတ်တင်ခြင်း၊ ထားဝယ်ရိုးရာအကများဖြင့်ဧည့်ခံဖျော်ဖြေခြင်း၊ အိုးစည်ဒိုးပတ်အကများဖြင့် သီဆိုဧည့်ခံဖျော်ဖြေခြင်းများ ဆောင်ရွက်လျှက်ရှိရာ ဒေသခံပြည်သူများ လာရောက်ကြည့်ရှုအားပေးလျှက်ရှိပါသည်။
    ထားဝယ်ရိုးရာသပိတ်မျှောပွဲကို နံနက်(၁)နာရီ မှစ၍ နံနက်(၅)နာရီအထိ ဒေသခံပြည်သူများ စည်ကားသိုက်မြိုက်စွာဖြင့် သပိတ်မျှောကုသိုလ်ယူလျှက်ရှိကြောင်း သိရှိရသည်။

                                                                                                                                                                                         (တနင်္သာရီတိုင်းဒေသကြီးပြန်/ဆက်)