Follow Us

ငါးလုပ်ငန်းဦးစီးဌာန

Fri, 10/14/2016 - 16:45

Vertical Tabs

About Topic

ငါးလုပ်ငန်းဦးစီးဌာန၏ လုပ်ငန်းတာဝန်များ
(၁) ကမ်းနီး/ကမ်းဝေးပင်လယ်ငါးဖမ်းလုပ်ငန်းများ၊ ရေချိုရေငန်ငါး/ပုစွန် မွေးမြူရေး၊ အင်း၊ ဘုံငါးဖမ်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်ခြင်း၊
(၂) ရေငန်ငါးလုပ်ငန်းဆိုင်ရာအခွန်၊ အင်းအိုင်ခွန်၊ မွေးမြူရေးလိုင်စင်ခွန်စသည့်အခွန်အခများ တိုးတက်ရရှိအောင်ဆောင်ရွက်ခြင်း၊
(၃) ငါးလုပ်ငန်းဆိုင်ရာကိန်းဂဏန်းစာရင်းအင်းများ ကောက်ယူပြုစုခြင်း၊
(၄) ငါးသယံဇာတများတိုးပွားစေရန်အတွက် သဘာဝရေပြင်များသို့ ငါးမျိုးများ စိုက်ထည့်ပေးခြင်၊
(၅) ငါးလုပ်ငန်းဆိုင်ရာသုတေသနနှင့် လေ့ကျင့်ပညာပေးခြင်းလုပ်ငန်းများကို ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
(၆) ငါးလုပ်ငန်းများကို ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ လုပ်ကိုင်စေရန် ကြီးကြပ်ကွပ်ကဲခြင်း၊
(၇) အပြည်ပြည်ဆိုင်ရာအရည်အသွေး စံချိန်စံညွှန်းများနှင့်အညီ ငါး/ပုစွန် ပြုပြင်မွမ်းမံထုတ်လုပ်တင်ပို့ရောင်းချမှုများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်း၊
    
   တနင်္သာရီတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၏ လုပ်ငန်း/အကြောင်းအရာအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ထုံးလုပ်နည်းများ ငါးလုပ်ငန်းဦးစီးဌာနမှ မြန်မာ့ပင်လယ်ငါးလုပ်ငန်းများ ရေရှည်တည်တံ့ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အောက်ပါလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
(၁) ငါးလုပ်ငန်းလုပ်ကိုင်ခွင့်ပြုခြင်း၊
(၂) ငါးလုပ်ငန်းများအား ကြီးကြပ်စစ်ဆေးခြင်း၊ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်း၊
(၃) ငါးသယံဇာတများ ကာကွယ်ထိန်းသိမ်းခြင်း၊
(၄) ငါးလုပ်ငန်းဆိုင်ရာသုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် နည်းပညာဖြန့်ဖြူးခြင်း၊ ပညာပေးခြင်း၊
(၅) နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း၊

(၁) ငါးလုပ်ငန်းလုပ်ကိုင်ခွင့်ပြုခြင်း
     (က) ကမ်းနီးငါးလုပ်ငန်း
ကမ်းနီးငါးလုပ်ငန်းများကို မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနတွင် သတ်မှတ်လျှောက်လွှာပုံစံဖြင့် လျှောက်ထားနိုင်သည်။ လျှောက်ထားရာတွင် အောက်ပါအထောက်အထားများ ပါရှိရမည်ဖြစ်သည် -
          (၁) မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပေးသည့် ရေယာဉ်မှတ်ပုံတင်လက်မှတ်
          (၂) ရေယာဉ်၏ ရှေ့/နောက်/ဝဲ/ယာ ဓါတ်ပုံများ
          (၃) ရေယာဉ်မှတ်ပုံတင်လက်မှတ်တွင် ဖော်ပြထားသည့် ရေယာဉ်ပိုင်ရှင်၏ အမည်၊ မှတ်ပုံတင်မိတ္တူနှင့် ရေယာဉ်အား ၄င်းပိုင်ဆိုင်ကြောင်း ကတိသစ္စာပြုလွှာ(ကမ်းနီးငါးလုပ်ငန်းလုပ်ကိုင်သူသည် မိမိလိုင်စင်ရယူထားသည့်မြို့နယ်ရှိ ကမ်းနီးငါးလုပ်ငန်းရေပြင်အတွင်း လုပ်ကိုင်ခွင့်ရှိသည်။)

     (ခ ) ကမ်းဝေးငါးလုပ်ငန်း
ကမ်းဝေးငါးဖမ်းလုပ်ငန်းများကို လုပ်ကိုင်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနများနှင့် ငါးလုပ်ငန်းဦးစီးဌာန(ရုံးချုပ်)တို့တွင် သတ်မှတ်လျှောက်လွှာပုံစံဖြင့် အထောက်အထားများ ပြည့်စုံစွာတင်ပြလျှောက်ထားရမည် -
          (၁) ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးထားသည့် ရေယာဉ်မှတ်ပုံတင်(ဂရန်)
          (၂) ရေယာဉ်၏ ရှေ့/နောက်/ဝဲ/ယာ ဓါတ်ပုံများ
          (၃) ရေယာဉ်မှတ်ပုံတင်ဂရန်တွင် ဖော်ပြထားသည့် ရေယာဉ်ပိုင်ရှင်၏ အမည်၊ မှတ်ပုံတင်မိတ္တူနှင့် ရေယာဉ်များအား ၄င်းပိုင်ဆိုင်ကြောင်း ကတိသစ္စာပြုလွှာ 
          (၄) ယခင်နှစ်များက ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ခဲ့ပါက ဌာနက ထုတ်ပေးထားသည့် ငါးဖမ်းလိုင်စင်များ

     (ဂ ) နိုင်ငံခြားငါးဖမ်းရေယာဉ်များ ငါးဖမ်းဆီးခွင့်ပြုခြင်း
နိုင်ငံခြားငါးဖမ်းရေယာဉ်များအတွက် ငါးလုပ်ငန်းဦးစီးဌာနမှ အောက်ပါအချက်အလက်များ လိုအပ်ပါသည် -
          (၁) မြန်မာနိုင်ငံမှ ထုတ်ပေးသည့် သက်တမ်းရှိ Tonnage Certificate 
          (၂) ရေယာဉ်၏ ရှေ့/နောက်/ဝဲ/ယာ ဓါတ်ပုံများ
          (၃) ရေယာဉ်ပိုင်ရှင်၏အမည်၊ မှတ်ပုံတင်မိတ္တူနှင့် ၄င်းပိုင်ဆိုင်ကြောင်း ကတိသစ္စာပြုလွှာ၊ နိုင်ငံခြားငါးဖမ်းရေယာဉ်များအတွက် ဧရာဝတီ၊ တနင်္သာရီနှင့် ရခိုင်ငါးဖမ်းကွက်ရှိ မြန်မာ့ပိုင်နက်ပင်လယ်နှင့် သီးသန့်စီးပွားရေးဇုန်အတွင်း ရေပြင်များတွင် လုပ်ကိုင်ခွင့်ရှိသည်။ နိုင်ငံခြားငါးဖမ်းရေယာဉ်များသည် ငါးဖမ်းကွက်(၁)ကွက်တွင်သာ လုပ်ကိုင်ခွင့်ရှိသည်။

ငါးလုပ်ငန်းလုပ်ကိုင်ခွင့်ပြုကာလများ
ကမ်းနီးငါးလုပ်ငန်း - နှစ်စဉ် ဧပြီလ(၁)ရက်မှ နောက်နှစ် မတ်လ(၃၁)ရက်အထိ
ကမ်းဝေးငါးလုပ်ငန်း - နှစ်စဉ် သြဂုတ်လ(၁)ရက်မှ နောက်နှစ် စက်တင်ဘာလ (၃၁)ရက်အထိ
နိုင်ငံခြားငါးဖမ်းရေယာဉ်များ - နှစ်စဉ် ဧပြီလ(၁)ရက်မှ နောက်နှစ် မတ်လ(၃၁)ရက်အထိ
ရေလုပ်သားမှတ်ပုံတင် - နှစ်စဉ် သြဂုတ်လ(၁)ရက်မှ နောက်နှစ် စက်တင်ဘာလ (၃၁)ရက်အထိ
ရေထွက်ပစ္စည်းရောင်းဝယ်စုဆောင်းခွင့် - နှစ်စဉ် ဧပြီလ(၁)ရက်မှ နောက်နှစ် မတ်လ(၃၁)ရက်အထိ
ငါးသယ်ရေယာဉ်များ - နှစ်စဉ် ဧပြီလ(၁)ရက်မှ နောက်နှစ် မတ်လ(၃၁)ရက်အထိ

(၂) ငါးလုပ်ငန်းများအား ကြီးကြပ်စစ်ဆေးခြင်း၊ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်း
      မြန်မာနိုင်ငံတွင် ပင်လယ်ငါးဖမ်းလုပ်ငန်းအား ကမ်းနီးငါးဖမ်းလုပ်ငန်းနှင့် ကမ်းဝေးငါးဖမ်းလုပ်ငန်းဟူ၍ (၂)ပိုင်းခွဲခြားထားသည်။
      ကမ်းနီးငါးလုပ်ငန်းရေပြင်အား ကမ်းရိုးတန်းအားလုံးတွင် ကမ်းခြေမှ (၁၀)မိုင် သတ်မှတ်ထားရှိသည်။ အလျားပေ(၃၀)နှင့် မြင်းကောင်ရေ(၁၅)ကောင်အောက် ရေယာဉ်များအား ကမ်းနီးငါးဖမ်းရေယာဉ်များအဖြစ် သတ်မှတ်ထားရှိသည်။
     ကမ်းဝေးငါးလုပ်ငန်းရေပြင်သည် ကမ်းနီးငါးလုပ်ငန်းရေပြင်၏ အပြင်ဖက်မှ သီးသန့်စီးပွားရေးဇုန်အဆုံးထိရေပြင်ဖြစ်သည်။ ငါးလုပ်ငန်းဦးစီးဌာနသည် မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်အား ငါးဖမ်းကွက်(၄)ခု (တနင်္သာရီ၊ ဧရာဝတီ၊ မွန်၊ ရခိုင် ငါးဖမ်းကွက်များ)အဖြစ် ခွဲခြင်းသတ်မှတ်ထားရှိသည်။ ကမ်းဝေးငါးဖမ်းရေယာဉ်များသည် လုပ်ငန်းတစ်ရာသီအတွင်း ငါးဖမ်းကွက်(၁)ခု သို့မဟုတ် (၂)ခုတွင် လုပ်ငန်းလုပ်ကိုင်ခွင့်ရှိပါသည်။ ကမ်းရိုးတန်းဒေသရှိ တိုင်းဒေသကြီး(၃)ခုနှင့် ပြည်နယ်(၂)ခုတွင် ငါးဖမ်းရေယာဉ်များအား စောင့်ကြည့်ကြီးကြပ်နိုင်ရေးအတွက် စစ်ဆေးရေးစခန်းများဖွင့်လှစ်ပြီး ငါးဖမ်းရေယာဉ် အဝင်/အထွက်များအား စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။ ၄င်းစစ်ဆေးရေးစခန်းများတွင် စုပေါင်းရုံးများဖွင့်လှစ်ထားရှိပြီး လူဝင်မှုကြီးကြပ်ရေး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကောက်ခွန်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည်။
      မြန်မာ့ငါးလုပ်ငန်းရေပြင်တွင် လုပ်ငန်းဆောင်ရွက်နေသည့် ကမ်းဝေးငါးဖမ်းများအားလုံးသည် ငါးဖမ်းလိုင်စင်၊ ငါးဖမ်းမှတ်တမ်းစာအုပ်၊ ရေယာဉ်ထွက်ခွာခွင့်၊ ရေလုပ်သားဦးရေစာရင်းနှင့် ရေလုပ်သားကဒ်များ၊ ငါးဖမ်းကိရိယာနှင့် ပိုက်ကွက်များ ငါးကုန်တက်နှင့် ရေယာဉ်ပေါ်ပါရှိပစ္စည်းများအား စစ်ဆေးခံရမည်ဖြစ်သည်။ ငါးဖမ်းကွက်အတွင်းရှိနေစဉ် မြန်မာ့တပ်မတော်(ရေ)မှ သတ်မှတ်ငါးဖမ်းကွက်အတွင်း ရှိ/မရှိ သတ်မှတ်ငါးဖမ်းကိရိယာနှင့် ပိုက်ကွက်များ အသုံးပြုခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
     မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေပုဒ်မ(၅၇)အရ ငါးဖမ်းရေယာဉ်များအား တည်ဆောက်ခြင်းမပြုမီ ငါးလုပ်ငန်းဦးစီးဌာန၏ ကြိုတင်ခွင့်ပြုချက်ရယူရမည်ဖြစ်သည်။ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေယာဉ်များအားလုံး မှတ်ပုံတင်ခြင်းလုပ်ငန်းကို တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ငါးလုပ်ငန်းဦးစီးဌာနမှ ငါးဖမ်းလိုင်စင်ထုတ်ပေးခြင်း၊ ရေယာဉ်မှတ်တမ်းများ (ရေယာဉ်တန်ချိန်၊ စက်စွမ်းအား၊ ရေယာဉ်အတိုင်းအတာ စသည်)ထိန်းသိမ်းထားရှိခြင်းကို ဆောင်ရွက်လျက်ရှိသည်။
     ငါးဖမ်းရေယာဉ် အသေးစိတ်မှတ်တမ်းများအား ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ ငါးဖမ်းလိုင်စင်တွင် ရေယာဉ်ပိုင်ရှင်အမည်၊ လိပ်စာနှင့် မှတ်ပုံတင်အမှတ်၊ ရေယာဉ်အစုဝင်အမည်၊ ငါးဖမ်းရေယာဉ်အမည်၊ အတိုင်းအတာ၊ တန်ချိန်၊ အင်ဂျင်၊ စက်အမျိုးအစားနှင့် စက်စွမ်းအား၊ ခွင့်ပြုငါးဖမ်းကိရိယာ၊ ခွင့်ပြုငါးဖမ်းကွက်၊ ငါးဖမ်းလိုင်စင်နံပါတ်၊ ရေယာဉ်အတိုင်းအတာ စက်/ပိုင်ရှင်/ရေယာဉ်အမည် ပြောင်းလဲမှု၊ ရေယာဉ်၏ ရှေ့နောက်ဝဲယာ ဓါတ်ပုံများ၊ စည်းကမ်းချက်များအား ဖော်ပြထားရှိပါသည်။

(၃) ငါးသယံဇာတများ ကာကွယ်ထိန်းသိမ်းခြင်း
    ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများ ထိန်းသိမ်းရာတွင် အောက်ပါလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
      (၁) ငါးဖမ်းကိရိယာအမျိုးအစားအလိုက် စည်းကမ်းချက်များ ကန့်သတ်သတ်မှတ်ပေးခြင်း၊
      (၂) ခွင့်ပြုငါးဖမ်းကိရိယာအလိုက် အသုံးပြုရမည့် ငါးဖမ်းပိုက်ကွက်များ သတ်မှတ်ပေးခြင်း၊
           - တရွတ်ဆွဲပိုက်(ပုစွန်)အတွက် ပိုက်အိတ်၏ပိုက်ကွက်သည် ၁.၅ လက်မထက် မငယ်ရ၊ တရွတ်ဆွဲပိုက်(ငါး)အတွက် ပိုက်အိတ်၏ပိုက်ကွက်သည် ၂ လက်မထက် မငယ်ရ
           - ကက္ကူရံမျှောပိုက်၏ ပိုက်ကွက်သည် ၄ လက်မထက် မငယ်ရ
      (၃) ငါးဖမ်းလိုင်စင်များကို ကန့်သတ်ထုတ်ပေးခြင်း
      တရွတ်ဆွဲငါးဖမ်းရေယာဉ်များအား ထပ်မံတည်ဆောက်မှု၊ တင်သွင်းမှုတားမြစ်ခြင်း၊ အခြားကိရိယာများမှ တရွတ်ဆွဲကိရိယာသို့ ပြင်ဆင်ပြောင်းလဲမှုကို တားမြစ်ခြင်း၊
      (၄) ငါးမဖမ်းရသည့် ရာသီသတ်မှတ်ပေးခြင်း
          - ဘုံကျောင်းကျားပိုက်(ကျောက်ပိုက်) ငါးဖမ်းရေယာဉ်များအား ဧပြီလ (၁)ရက်မှ  မေလ(၃၁)ရက်အတွင်း ငါးဖမ်းဆီးခွင့်မပြုခြင်း၊
      (၅) မြန်မာ့ငါးလုပ်ငန်းရေပြင်တွင် ငါးမဖမ်းရသည့်ဧရိယာ သတ်မှတ်ပေးခြင်း
          - မြန်မာ့ရေပြင် ပိုက်နက်ပင်လယ်နယ်နိမိတ်နှင့် ဇာဒက်ကြီးကျွန်းကြားရှိ ရေပြင်တွင် ငါးဖမ်းဆီးခြင်းမပြုရန်၊
      (၆) ရေလုပ်သားများအား ပညာပေးခြင်း
          - လမုဒီရေတောများ မပြုန်းတီးစေရန် ဒေသခံရေလုပ်သားများအားပညာပေးခြင်း၊ မိုင်းခွဲ၊ လျှပ်စစ်အသုံးပြုခြင်း(ဘက်ထရီလျှော့တိုက်ခြင်း)၊ အဆိပ်ချငါးဖမ်းခြင်းကို မပြုလုပ်ရန် ဥပဒေပြဌာန်းခြင်း၊ ကျူးလွန်ပါက ထိရောက်စွာ အရေးယူခြင်း၊

Office Address and Location Map
Location Map: