Follow Us

၂၀၁၆ ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီး၊ကမ္ဘာ့မျက်မမြင် ပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

Fri, 10/14/2016 - 15:08

    

ထားဝယ်    အောက်တိုဘာ    ၁၃
    ကမ္ဘာ့မျက်မမြင် ပပျောက်ရေးနေ့အဖြစ် သက္ကရာဇ် (၂၀၀၀) ပြည့်နှစ်မှစ၍ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ဝင် နိုင်ငံများအားလုံး နှစ်စဉ်ကျင်းပလျှက်ရှိပါသည်။ မျက်စိကွယ်ခြင်းနှင့်အမြင် အာရုံချို့ယွင်းခြင်းများကို အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးပြဿနာ တစ်ခုအဖြစ် သိရှိနားလည် ပြီး ဌာနဆိုင်ရာများက ပြည်သူလူထုနှင့်အတူ တက်ညီလက်ညီ ပူပေါင်း၍ မျက်စိကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်ရန် နှင့် ကာကွယ်ကုသ၍ရသော မျက်စိရောဂါများအား မျက်မမြင်ဖြစ်ပွားမှု လျော့နည်းပပျောက်သွားစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပလျှက်ရှိရာ ၂၀၁၆ ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ထားဝယ်မြို့၊ ပြည်သူ့ ဆေးရုံးကြီး၏ အစည်းအဝေး ခန်းမတွင် ယနေ့ နံနက် (၀၉း၃၀) အချိန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
    ရှေးဦးစွာ ကမ္ဘာ့မျက်မမြင် ပပျောက်ရေးနေ့ အထိမ်းအမှတ် အဖွင့်အမှာစကားကို တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ပြောကြားရာတွင် မြန်မာနိုင်ငံတွင် ကာကွယ် ကုသနိုင်သော မျက်စိရောဂါများအနက် အဓိကမျက်စေ့မမြင်ခြင်းကို ဖြစ်စေနိုင်သောရောဂါများမှာ အတွင်းတိမ်၊ရေတိမ်၊ မျက်မှန်လိုအပ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းနှင့် ဆီးချို၊သွေးတိုးရောဂါကြောင့်ဖြစ်သော ရောဂါ များဖြစ်ကြောင်းပြောကြားသည်။
    ဆက်လက်၍ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာမင်းသန်းနိုင်ဦးက မျက်မမြင်ပပျောက်နေ့ရေးနေ့ဆိုင်ရာ အသိပညာပေးရှင်းလင်းတင်ပြရာတွင် အောက်တိုဘာလ၏  ဒုတိယပတ်ကြာသပတေးနေ့ကို  ကမ္ဘာ့မျက်မမြင် ပပျောက်ရေးနေ့အဖြစ် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ဝင်နိုင်ငံများ အားလုံး(၂၀၀၀)ပြည့်နှစ်မှစ၍ နှစ်စဉ်ကျင်းပလျှက်ရှိကြောင်း ယခုနှစ်၏ ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ဆောင်ပုဒ်မှာ Universal Eye Health ; Stranger Together "အမြင်အာရုံကောင်းမွန်ရေးပိုမိုလက်တွဲကြိုးပမ်းပေး" ဖြစ်ပါကြောင်း ပြောကြားပါသည်။
    ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး နှင့် ဧည့်သည်တော်များ၊ဌာနဆိုင်ရာအကြီးအကဲများက မျက်မမြင်ပပျောက်ရေးနေ့ဆိုင်ရာ ပြခန်းအား လှည့်လည်ကြည့်ရှု၍    အခမ်းအနားကိုရုပ်သိမ်းခဲ့ပြီး အခမ်းအနားကို တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ NGO အသင်းအဖွဲ့ များ၊ ကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း(၁၀၀)ဦးခန့်တက်ရောက်ကြကြောင်း သတင်းရရှိသည်။
                                    (တနင်္သာရီတိုင်းဒေသကြီးပြန်/ဆက်)