Follow Us

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီး၌ ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးတွင် ပါဝင်ကူညီမည့် ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုခြင်း အခမ်းအနား ကျင်းပ

Mon, 10/05/2020 - 18:20

ထားဝယ် အောက်တိုဘာ ၅

          ယနေ့ နံနက် ၁၀၀၀ နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီး၌ ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးတွင် ပါဝင်ကူညီမည့် ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ကျော်၊ တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး၊ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လူထုအခြေပြု အထောက်အကူပြု အဖွဲ့မှ ကိုယ်စားလှယ်များနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။

          အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် က ရန်ကုန်တိုင်းဒေသကြီး COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အားဖြည့်ပါဝင် ကူညီဆောင်ရွက်နိုင်ရန်အတွက် တနင်္သာရီတိုင်းဒေသကြီးမှ သွားရောက်မည့်သူနာပြု ဆရာ၊ ဆရာမ များအား တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အထူးပင်အသိမှတ်ပြု ဂုဏ်ယူဝမ်းမြောက်ပါ ကြောင်း၊ မြန်မာနိုင်ငံတွင် COVID- 19 ရောဂါဖြစ်ပွားမှုမှာ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကူးစက်ပျံ့နှံ့ နေသော်လည်း ရန်ကုန်တိုင်းဒေသကြီးတွင် ကူးစက်မှုနှုန်းများပြားလျက်ရှိသည့်အတွက် ရောဂါကုသရေးစင်တာများကို တိုးချဲ့ဖွင့်လှစ်လျက်ရှိရာ ကျန်းမာရေးဝန်ထမ်းများမလုံလောက်သည့် အတွက် အနယ်နယ်အရပ်ရပ်မှ ကျန်းမာရေးဝန်ထမ်းများကို ခေါ်ယူတာဝန်ပေးအပ်ခြင်းဖြစ်ကြောင်း၊ တာဝန်ပေးအပ်ခြင်းကို မငြင်းဆန်ဘဲကျန်းမာရေးဝန်ထမ်းပီသစွာ ပါဝင်ကူညီခဲ့သောကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် များစွာဂုဏ်ယူမိပါကြောင်း အမှာစကားပြောကြားခဲ့ပါသည်။

          ထို့နောက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် က ရန်ကုန်တိုင်း‌ ဒေသကြီးသို့ သွားရောက်ထမ်းဆောင်မည့် သူနာပြုဆရာ၊ ဆရာမများအား ထောက်ပံ့ငွေများချီးမြှင့်ခဲ့ ပါသည်။

          ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးသို့ သွားရောက်ထမ်းဆောင်မည့် သူနာပြုဆရာ၊ ဆရာမ များအား COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လူထုအခြေပြု အထောက်အကူပြုအဖွဲ့ အတွင်းရေးမှူးမှ ထောက်ပံ့ငွေများချီးမြှင့်ခဲ့ပြီး ၁၀၁၅ နာရီ အချိန်တွင် အခမ်းအနားပြီးမြောက်ခဲ့ ကြောင်းသတင်းရရှိပါသည်။