Follow Us

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ် အတွင်းရှိ သဘာဝဘေးဖြစ်ပွားခဲ့သည့် ကျေးရွာများအား ထောက်ပံ့ငွေ သွားရောက်ထောက်ပံ့

Tue, 09/29/2020 - 03:31

ကော့သောင်း စက်တင်ဘာ ၂၈

          ယနေ့ ၀၇၁၀ နာရီအချိန် တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေး၊ လွှတ်တော်ကိုယ်စားလှယ်များ သည် တိုင်း‌ဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်များနှင့်အတူ ကော့သောင်းမြို့မှ မော်တော်ယာဉ် များဖြင့် ထွက်ခွာလာရာ ၀၈၄၀ နာရီအချိန်တွင် စူငယ်ဘာလိုင်းကျေးရွာအုပ်စု၊ ကံပုံမာတမ်းကျေးရွာ လမ်းပိုင်းရှိ လမ်းရေကျော်မှု ဖြစ်ပွားလျက်ရှိသောနေရာအား ကြည့်ရှုပြီး လိုအပ်သည်များမှာကြားရာ တာဝန်ရှိသူက ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့သောင်း မြို့နယ်အတွင်း စူငယ်ဘာလိုင်းကျေးရွာအုပ်စု၊ ကံပုံမာတမ်းကျေးရွာသို့လည်းကောင်း၊  ချန်းဖန်း ကျေးရွာအုပ်စု၊ ချန်းဖန်းကျေးရွာသို့လည်းကောင်း၊ ပုလိုတုံတုံးကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာသို့ လည်းကောင်း၊ ဘုရင့်နောင်ရပ်ကွက်သို့လည်းကောင်း သွားရောက်၍ သဘာဝဘေးသင့်ပြည်သူများ အား ထောက်ပံ့ငွေပေးအပ်ရန် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားများ ကျင်းပပြုလုပ်ရာ အခမ်းအနားများတွင်  တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်က အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့မှထောက်ပံ့ငွေ၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီဌာနမှ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်း (၁၇)မျိုး၊ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့မှ ထောက်ပံ့ပစ္စည်းများ ဘေးသင့်ပြည်သူများထံ ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့သောင်းမြို့၊ မြို့ဦးဆုတောင်းပြည့်စေတီသို့သွားရောက်၍ ဘက်စုံပြုပြင်မွမ်းမံနိုင်ရန်အတွက် ဘုရားဂေါပကအဖွဲ့ထံ အလှူငွေ (၅)သိန်း လှူဒါန်းခဲ့ပါသည်။

          ယင်းနောက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘုရင့်နောင် အငူပတ်လမ်း၊ ပျံကျစျေးဆိုင်ခန်း ဆောက်လုပ်နေမှုအခြေအနေနှင့် ကော့သောင်းမြို့၊ FOB စစ်ဆေးရေးစခန်းတို့ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပြီး လိုအပ်သည်များ မှာကြား​ခဲ့ကြောင်းသတင်းရရှိပါသည်။