Follow Us

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် မြိတ်ခရိုင်၊ ပုလောမြို့နယ်နှင့် မြိတ်မြို့နယ် အတွင်းရှိ သဘာဝဘေးဖြစ်ပွားခဲ့သည့် ရပ်ကွက်/ကျေးရွာများအား ထောက်ပံ့ငွေပေးအပ်

Fri, 09/25/2020 - 23:26

မြိတ် စက်တင်ဘာ ၂၅

          ယနေ့နံနက် ၀၈၁၅ နာရီအချိန်တွင် မြိတ်ခရိုင်၊ ပုလောမြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်သည့် ပုလောမြို့နယ်အတွင်း သဘာဝဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊လွှတ်တော်ကိုယ်စားလှယ်များ၊  တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာရပ်ကွက်/ ‌ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဘေးသင့်ပြည်သူများတက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်က တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် သဘာဝဘေးနှင့်ပတ်သက်၍ ဆုံးရှုံးမှုများကို ထောက်ပံ့‌ပေးရမည့် သတ်မှတ်ချက်ရှိပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန မှလည်း အချိန်နှင့်တပြေးညီ ထောက်ပံ့ပေးနေပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနထောက်ပံ့မှု၏ (၂)ဆ ထောက်ပံ့ပေးမည်ဟုဆုံးဖြတ်ထားပါကြောင်း၊ အမြန်ဆုံးထောက်ပံ့ငွေပေးအပ်လိုကြောင်းနှင့် အားပေးစကားပြောကြားလိုသော စိတ်ဆန္ဒအပြည့်ရှိပါကြောင်း၊ ပုလောမြို့နယ်အတွင်း လမ်း၊ ဆည်မြောင်းများ ပျက်စီးဆုံးရှုံးမှုများကို  ပြန်လည်ပြုပြင်ပေးသွားမည့်ကိစ္စကို အမြန်ဆုံးဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် ကမ်းရိုးတန်းဒေသဖြစ်သောကြောင့် ရာသီဥတုပြောင်းလဲမှုများ ဖြစ်ပေါ်နေပါသဖြင့်အထူးဂရုစိုက်ရန်လိုပါကြောင်း အမှာစကားပြောကြားခဲ့ပြီး ဘေးသင့်အိမ်ထောင်စု များအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။

ထို့နောက် မြိတ်မြို့သို့ မော်တော်ယာဉ်ဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ ၁၃၃၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့်အဖွဲ့သည် မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ သစ်ယာဝကျေးရွာအုပ်စု၊ သဗျာကျေးရွာ၊ သဗျာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သည့် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသည့် ဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကာ ဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်း (၁၇)မျိုးနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ရာ သဗျာကျေးရွာသူ/ သားများ ကိုယ်စား ဒေသခံတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ ၁၃၅၀ နာရီအချိန်တွင် အခမ်းအနားပြီးမြောက်ခဲ့ပြီးနောက် သဗျာဘုန်းတော်ကြီးကျောင်း၌ ဆန်၊ ဆီ စသော လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သတင်း ရရှိပါသည်။