Follow Us

လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန

Thu, 10/13/2016 - 15:19

Vertical Tabs

About Topic

လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ လုပ်ငန်းတာဝန်များ
(က) ဌာနတွင်အသုံးပြုလျှက်ရှိသည့်ကွင်းမြေပုံများအား ဒီဂျစ်တယ်မြေပုံများအဖြစ် ပြောင်းလဲနိုင်ရေးအတွက် မြေတိုင်းတာခြင်း၊ မြေပုံထုတ်လုပ်ခြင်းလုပ်ငန်းများကို နှစ်အလိုက် စီမံချက်များချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
(ခ ) လယ်ယာကဏ္ဍစာရင်းအင်းအချက်အလက်များအား ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီမှန်ကန်စွာ ကောက်ယူပြုစုထုတ်ပြန်ရေး၊
(ဂ ) မြေအသုံးချမှုဆိုင်ရာစာရင်းအင်းအချက်အလက်များအား ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ မှန်ကန်စွာ ကောက်ယူပြုစုထုတ်ပြန်ရေး၊
(ဃ) ဌာနမှတိုင်းတာထားသည့်မြေပုံများ၊ လယ်ယာကဏ္ဍနှင့် မြေအသုံးချမှုဆိုင်ရာစာရင်းအင်းအချက်အလက်များအသုံးပြု၍ သတင်းအချက်အလက်စနစ်ထူထောင်ခြင်း၊
(င ) လယ်ယာမြေနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းများအတွက် တည်ဆဲဥပဒေများနှင့်အညီ ဖွဲ့စည်းထားသည့်ကော်မတီ သို့မဟုတ် အဖွဲ့အစည်းအသီးသီးတွင် မိမိဝန်ထမ်းများ ဥပဒေသတ်မှတ်ချက်နှင့်အညီ ပါဝင်ပူးပေါင်းဆောင်ရွက်ခြင်း၊
(စ ) ကြေးတိုင်လုပ်ငန်းများအား ကြေးတိုင်လက်စွဲပါ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်း၊
(ဆ) လယ်ယာကဏ္ဍနှင့်သက်ဆိုင်သည့်သတင်းအချက်အလက်များ ထုတ်ပြန်နိုင်ရေးအတွက် လိုအပ်သော လူမှုစီးပွားရေးစစ်တမ်းများနှင့် လယ်ယာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ကောက်ယူပြုစုခြင်း၊
(ဇ ) စာချုပ်စာတမ်းဥပဒေပါ ပြဌာန်းချက်များနှင့်အညီ စာချုပ်စာတမ်းများ မှတ်ပုံတင်ပေးသည့်လုပ်ငန်း ဆောင်ရွက်ခြင်း၊
(စျ ) ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားရေးအတွက် လိုအပ်သည့်အလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက်ခြင်း၊ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း။

ဦးစီးဌာန၏ လုပ်ငန်း/အကြောင်းအရာအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ထုံးလုပ်နည်းများ
(၁) မြေစာရင်းပုံစံ (၁၀၅) ရေးကူးပေးခြင်း
    လယ်ယာမြေစီမံခန့်ခွှဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ အောက်ဖော်ပြပါကိစ္စရပ်များအတွက် မြေစာရင်းပုံစံ (၁၀၅) နှင့် (၁၀၆) တို့ကို လျှောက်ထားသူတို့အား ရေးကူးထုတ်ပေးလျက်ရှိရာ မြေစာရင်းပုံစံ(၁၀၅)ဆိုသည်မှာ အခွင့်ရအာဏာပိုင်သိရှိနိုင်ရန်အလို့ငှာ မှန်ကန်ကြောင်း သက်သေခံ/ သက်သေမခံသည့် စာရင်းမြေပုံကောက်နုတ်ချက် ဖော်ပြသည့်ပုံစံဖြစ်ပြီး၊ တည်ဆဲနှစ်တွင် အသုံးပြုလျက်ရှိသည့်ကွင်းအကွက်မြေပုံမှ ရေးကူးပေးရပါသည်။ “မြေစာရင်းပုံစံ (၁၀၅)သည် မြေယာပိုင်ဆိုင်မှုဆိုင်ရာ အထောက်အထားတစ်ခုမဟုတ်ဘဲ၊ ဦးပိုင်တစ်ခု မြေကွက်တစ်ကွက်နှင့် ပတ်သက်သည့်တည်ဆဲနှစ်အတွက် အသုံးပြုလျှက်ရှိသော စာရင်း၊ မြေပုံကောက်နုတ်ချက် မိတ္တူတစ်ခုသာ ဖြစ်ပါသည်။” မြေစာရင်းပုံစံ (၁၀၆) ဆိုသည်မှာ ဦးပိုင်တစ်ခု၏ရာဇဝင်ဖြစ်ပြီး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ အသုံးပြုသည့် မှတ်ပုံစာရင်းများမှ ရေးကူးပေးသည့်ပုံစံ ဖြစ်ပါသည်။
    (၁) မြေလွတ်၊ မြေရိုင်းလုပ်ပိုင်ခွင့် လျှောက်ထားရန်ကိစ္စရပ်များ
    (၂) လယ်ယာမြေဥပဒေပုဒ်မ ၃၀(က)/ ၃၀(ခ)တို့အရ အခြားနည်းအသုံးပြုခွှင့် လျှောက်ထားရန်ကိစ္စရပ်များ
    (၃) ဓာတ်သတ္တု/ ကျောက်မျက်တူးဖော်ခွင့် လျှောက်ထားရန်ကိစ္စရပ်များ
    (၄) မြေဂရန်သစ်/ ဂရန်သစ်တိုးရန်/ အမည်ပြောင်း လျှောက်ထားရန်ကိစ္စရပ်များ
      စာချုပ်စာတမ်းမှတ်ပုံတင်လုပ်ငန်းတွင် အသုံးပြုရန်ကိစ္စရပ်များ၊ လက်ဝယ်ကိုင်ဆောင်ရန်ကိစ္စ၊ စည်ပင်တင်ရန်၊ ဘဏ်တင်ရန်၊ ဌာနတင်ရန်၊ လိုင်စင်သက်တမ်းတိုးရန်၊ တရားရုံးတင်ပြရန်၊ သာသနာမြေ လျှောက်ထားရန်၊ ပုဂ္ဂလိကမြေတိုင်းတာခွင့်လျှောက်ထားရန် စသည့်ကိစ္စရပ်များ
      မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်လျှောက်ထားရာတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးနည်းဥပဒေအပိုဒ် ၅၊ အပိုဒ်ခွဲ(က) နှင့် (ခ)တို့အရ ကွင်းမြေပုံရှိသောဒေသဖြစ်လျှင် တည်ဆဲနှစ်အတွက် အသုံးပြုလျှက်ရှိသော ၁၆ လက်မ = ၁မိုင် စကေး ကွင်းမြေပုံမှ ရေးဆွဲသည့် မြေပုံ (၂)ပုံ၊ ကွင်းမြေပုံမရှိသောဒေသဖြစ်လျှင် ၁ လက်မ = ၁ မိုင် စကေး (သို့မဟုတ်) ၁ : ၅၀၀၀၀ စကေးဖြင့် ရေးဆွဲထားသည့် ယာယီမြေပုံကြမ်း (၂)ပုံသာလိုအပ်ပြီး၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီမှ ခွင့်ပြုမိန့်ထုတ်ပြန်နိုင်ရေးအတွက်သာ မြေစာရင်းပုံစံ (၁၀၅) ရေးကူးဆောင်ရွက်ပေးရပါသည်။
      ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအရ ဖွဲ့စည်းထားသည့် ဗဟိုလယ်ယာမြေစီမံခန့်ခွှဲမှုအဖွဲ့၏ (၁၁.၂.၂၀၁၃)ရက်စွဲပါစာအမှတ် - ၁၂/လယ-၅၁(၀၀၄/၂၀၁၃) အရ လယ်ယာမြေအား လယ်ယာစိုက်ပျိုးမှုမှအပ အခြားနည်းအသုံးပြုခွင့်လျှောက်ထားသည့် ကိစ္စရပ်များအတွက် မြေစာရင်းပုံစံ-၁၀၅ ရေးကူးခွင့်တင်ပြလျှောက်ထားမှုကိစ္စရပ်များအပေါ် သက်ဆိုင်ရာနေပြည်တော်ကောင်စီ/တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၏ စိစစ်ကြီးကြပ်မှုအရ ခွင့်ပြုချက်ဖြင့်သာ ရေးကူးဆောင်ရွက်သွားရန် ညွှန်ကြားထားပါသည်။ သို့ဖြစ်၍ လယ်ယာမြေအား အခြားနည်းအသုံးပြုခြင်းကိစ္စရပ်များအတွှက် မြေစာရင်းပုံစံ (၁၀၅) လျှောက်ထားသည့်ကိစ္စရပ်များအား သက်ဆိုင်ရာနေပြည်တော်ကောင်စီ/တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြ၍ ရေးကူးထုတ်ပေးလျက်ရှိပါသည်။
      သတ္တုတူးဖော်ရေးလုပ်ငန်းများနှင့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအဖြစ် သတ်မှတ်ထားသည့် ဇုန်နယ်မြေများအတွင်း ဆက်စပ်ပတ်သက်နေသော ဆောင်ရွက်မည့်လုပ်ငန်းများအတွက် မြေစာရင်းပုံစံ(၁၀၅) ရေးကူးခြင်းအား ယခင်သက်ဆိုင်ရာ သတ္တုတွင်းဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ (ယခုသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန) ယဉ်ကျေးမှုဝန်ကြီးဌာနများသို့ ကြိုတင်ညှိနှိုင်းခွင့်ပြုချက်ရယူဆောင်ရွက်သွားရန်နှင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲအဖွဲ့သို့လည်း ညှိနှိုင်းဆောင်ရွက်သွားကြရန် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၂၂.၉.၂၀၁၃)ရက်စွဲပါစာအမှတ်၊ ၁၂/လယ-၅၁ (၀၅၁/၂၀၁၃)ဖြင့် ညွှန်ကြားထားရှိပါသည်။
      မြေဂရန်သစ်/ဂရန်သစ်တိုးရန်/အမည်ပြောင်းလျှောက်ထားရန်ကိစ္စရပ်များ၊ စာချုပ်စာတမ်းမှတ်ပုံတင်လုပ်ငန်းတွင် အသုံးပြုရန်ကိစ္စရပ်များ၊ လက်ဝယ်ကိုင်ဆောင်ရန်ကိစ္စ၊ စည်ပင်တင်ရန်၊ ဘဏ်တင်ရန်၊ ဌာနတင်ရန်၊ လိုင်စင်သက်တမ်းတိုးရန်၊ တရားရုံးတင်ပြရန်၊ သာသနာမြေလျှောက်ထားရန်၊ ပုဂ္ဂလိကမြေတိုင်းတာခွင့်လျှောက်ထားရန်စသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ မြေစာရင်းပုံစံ(၁၀၅) ရေးကူးရာတွင် လျှောက်ထားလိုသူများအနေဖြင့် သက်ဆိုင်ရာမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတွင် တိုက်ရိုက်လျှောက်ထားရမည်ဖြစ်ပါသည်။ ထိုသို့လျှောက်ထားရာတွင် လျှောက်လွှာတွင် ပိုင်ဆိုင်သူ (သို့ဟုတ်) သက်ဆိုင်သူကိုယ်တိုင်လျှောက်ထားလျှင် ပိုင်ဆိုင်ကြောင်း (သို့မဟုတ်) တနည်းနည်းဖြင့် သက်ဆိုင်ကြောင်းအထောက်အထားကိုလည်းကောင်း၊ ကိုယ်စားလှယ်လျှောက်ထားလျှင် တရားဝင်ကိုယ်စားလှယ်လွှဲစာကိုလည်းကောင်း ပူးတွဲတင်ပြရမည်ဖြစ်ပြီး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လျှောက်ထားသည့်မြေသည် အမှန်ရေးကူးလိုသည့်မြေကွက် မှန်/မမှန်၊ မြေကွက်ပေါ်တွင် လက်ရှိအသုံးပြုနေမှုအခြေအနေ၊ မြေကြီးမြေပုံကိုက်ညီမှန်ကန်မှု ရှိ/မရှိ နှင့် ဘိုးဘွားပိုင်မြေနှင့် လယ်ယာမြေဖြစ်ပါက လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ သတ်မှတ်သည့်နည်းလမ်းအတိုင်းအသုံးပြုရန် ဆင့်ဆိုသည့်အမိန့် ရပြီး/မပြီး၊ လိုင်စင်၊ ဂရန်မြေစသည့် အစိုးရမှ အငှားချထားပေးသော မြေများဖြစ်ပါက အမှုအမှတ်၊ နေ့စွဲနှင့် သက်တမ်းကာလတို့ကို စိစစ်၍ ရေးကူးဆောင်ရွက်ပေးလျက်ရှိပါသည်။
      သစ်တောကြိုးဝိုင်းဧရိယာအတွင်းရှိမြေများ၊ စားကျက်မြေများ၊ မီးရထားလမ်းမြေများနှင့်ပတ်သက်သည့် မြေစာရင်းပုံစံ-၁၀၅ ရေးကူးလျှောက်ထားမှုများကို မြေပုံရေးကူးပေးခြင်းမရှိပါ။
      လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြေစာရင်းပုံစံ(၁၀၅)နှင့် မြေရာဇဝင်ပုံစံ(၁၀၆)များ ရေးကူးဆောင်ရွက်ပေးရာတွင် ဌာန၏ညွှန်ကြားချက်များနှင့်အညီ လုပ်ငန်းများမြန်ဆန်စွာဆောင်ရွက် နိုင်ရေးအတွက် အငြင်းပွားမှုမရှိသော သာမန်ကိစ္စရပ်များကို လျှောက်လွှာလက်ခံရရှိသည့်မှစ၍ မြေပုံ၊ မြေရာဇဝင်များ ပြန်လည်ထုတ်ပေးသည့်နေ့အထိ အချိန်ကာလအား အနည်းဆုံး (၁၅) ရက်အတွင်း ရေးကူး ဆောင်ရွက်ပေးလျက်ရှိပါသည်။ 
      လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသည် အောက်ပါဥပဒေ၊ နည်းဥပဒေများနှင့်အညီ လယ်ယာမြေစီမံခန့်ခွဲမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည် -
     (၁) ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေနှင့် နည်းဥပဒေများ
     (၂) ၂၀၁၂ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေနှင့် နည်းဥပဒေများ

(၂) လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းတာဝန်များမှာ
     (၁) တောင်သူများလက်ရှိလုပ်ကိုင်လျက်ရှိသော လယ်ယာမြေများအတွက် လယ်ယာမြေလုပ်ပိုင်ခွင့်မှတ်ပုံတင်ခြင်းနှင့် လုပ်ပိုင်ခွင့်ပြုလက်မှတ်ထုတ်ပေးခြင်းလုပ်ငန်းဆိုင်ရာကိစ္စရပ်များကို စိစစ်တင်ပြခြင်း။
     (၂) ဝန်ကြီးဌာနမှ စိစစ်/စစ်ဆေးတင်ပြရန် အကြောင်းကြားလာသောကိစ္စရပ်များအား ဝန်ကြီးဌာနသို့ ပြန်လည်တင်ပြခြင်း။
     (၃) ယခင် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ ယခုလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြလာသည့်(တိုင်ကြားစာ/တင်ပြစာ/အသနားခံစာ)များအား နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များသို့ လွှဲပြောင်းပေးပို့ခြင်းနှင့် စိစစ်တင်ပြရန် အကြောင်းကြားခြင်း။
     (၄) လယ်ယာမြေဥပဒေ၊ နည်းဥပဒေများပါစာအုပ်များ၊ လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များကို ဖြည့်ဆည်းခြင်း၊ ထိန်းသိမ်းခြင်း၊ ဖြန့်ဝေခြင်း။
     (၅) လယ်ယာမြေကို ခွင့်ပြုချက်မရှိဘဲ စိုက်ပျိုးမှုမှအပ အခြားနည်းအသုံးပြုသောကိစ္စရပ်များနှင့် သီးနှံပြောင်းလဲစိုက်ပျိုးမှုများကို စိစစ်၍ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ ဆက်လက်တင်ပြခြင်း။
     (၆) မြေနုကျွန်းလုပ်ကိုင်ခွင့်အငြင်းပွားမှုများနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များအပေါ် လေ့လာစိစစ်၍ ဥပဒေ၊ နည်းဥပဒေညွှန်ကြားချက်များနှင့်အညီ အကြံပြုချက်များကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ တင်ပြခြင်း။
     (၇) လယ်ယာမြေစီမံခန့်ခွဲမှုနှင့်စပ်လျဉ်းသည့် လွှတ်တော်မေးခွန်းနှင့် အဆိုများကို ဖြေကြားနိုင်ရေး ဝန်ကြီးဌာနသို့ စိစစ်တင်ပြခြင်း။
     (၈) ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့တင်ပြလာသည့်(တိုင်ကြားစာ/တင်ပြစာ/အသနားခံစာ)များကို နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များသို့ လွှဲပြောင်းပေးပို့ခြင်း၊ စိစစ်တင်ပြရန် အကြောင်းကြားခြင်း။
     (၉) နစ်နာကြေး၊ လျော်ကြေးနှင့် လယ်ယာမြေအသုံးချခြင်း (သီးနှံပြောင်း/အခြားနည်းသုံး)ဆိုင်ရာ ကိစ္စရပ်များကို စိစစ်တင်ပြခြင်း။
    (၁၀) ဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနများလက်အောက်ရှိ ဌာနဆိုင်ရာများမှ တင်ပြလာသော မြေသိမ်း/မြေလွှဲကိစ္စရပ်များအား စိစစ်တင်ပြခြင်းတို့ ဖြစ်ပါသည်။

(၃) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ
     (၁) ယခင်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုအဖွဲ့မှ လုပ်ပိုင်ခွင့်ပြုထားခြင်းအပေါ် လုပ်ပိုင်ခွင့်၊ အသုံးပြုခွှင့်ပြန်လည်အပ်နှံခြင်းနှင့် ရုပ်သိမ်းခြင်းကိစ္စများကို စိစစ်တင်ပြခြင်း။
     (၂) မြေလွတ်၊ မြေရိုင်းလုပ်ကိုင်ခွင့်ချထားပေးပြီးနောက် အငြင်းပွားမှုများနှင့်ပတ်သက်၍ စိစစ်တင်ပြခြင်း။
     (၃) တိုင်းဒေသကြီး/ ပြည်နယ်များမှ ကုမ္ပဏီများ၏ မြေနေရာလျောက်ထားမှုများနှင့်ပတ်သက်၍ စိစစ်တင်ပြခြင်း။
     (၄) လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အချက်အလက်များစာရင်း စိစစ်တင်ပြခြင်း။ (လစဉ်) 
     (၅) လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု အစီရင်ခံစာပုံစံများပေးပို့ရန်ကိစ္စ (ဒုတိယ၆လပတ်) စိစစ်တင်ပြခြင်း။
     (၆) အမျိုးသားစီမံကိန်းဥပဒေပြုစုရေး (လယ်ယာကဏ္ဍပုံစံများ) ပေးပို့ရန် စိစစ်တင်ပြခြင်း။
     (၇) တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြေရိုင်း/တောရိုင်းမြေသယံဇာတ တည်ရှိမှု/ ကျန်ရှိမှု အခြေအနေစာရင်း စိစစ်တင်ပြခြင်း။
     (၈) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေများနှင့်စပ်လျဉ်းသည့်အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်နိုင်ရေးအတွက် စိစစ်တင်ပြခြင်း။
     (၉) (၃၀.၃.၂၀၁၂)ရက်စွဲဖြင့် ထုတ်ပြန်ပြဌာန်းထားသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ လျှောက်ထားသည့်လျှောက်လွှာများအား သက်ဆိုင်ရာနေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်လုပ်ငန်းအဖွဲ့များသို့ လွှဲပြောင်းပေးပို့ခြင်း။
    (၁၀) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီမှ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်လျှောက်ထားလာသည့်ကိစ္စနှင့် ခွင့်ပြုသည့်ကိစ္စများ စိစစ်တင်ပြခြင်း (စိုက်၊ မွေး၊ ဓာတ်သတ္တု၊အခြားလုပ်ငန်း)။
    (၁၁) အာမခံကြေးငွေကောက်ခံခြင်းနှင့် ပြန်လည်ထုတ်ပေးခြင်းကိစ္စများ စိစစ်တင်ပြခြင်း။
    (၁၂) မြေခွန်စည်းကြပ်ခြင်း၊ ကောက်ခံခြင်းကိစ္စများ စိစစ်တင်ပြခြင်း။    
    (၁၃) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ (၃လပတ်/ နှစ်ချုပ်) အစီရင်ခံစာတင်ပြခြင်း။
    (၁၄) အစိုးရကခွင့်ပြုထားသော ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများ အသုံးပြုခွင့်ကိစ္စများ စိစစ်တင်ပြခြင်း။   
    (၁၅) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို လယ်ယာမြေအဖြစ် ပြောင်းလဲသတ်မှတ်သည့်ကိစ္စများ စိစစ်တင်ပြခြင်း။
    (၁၆) ယခင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုအဖွဲ့၏ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ချထားပေးမှုအပေါ် ဗဟိုကော်မတီသို့ ပြန်လည်အပ်နှံလာသည့် မြေလွတ်၊ မြေရိုင်းအပ်နှံမှုစာရင်းများအား စိစစ်တင်ပြခြင်း။
    (၁၇) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေများအရ လျှောက်ထားလာသည့် အမှုတွဲများအား ဗဟိုကော်မတီသို့ စိစစ်တင်ပြခြင်းတို့ ဖြစ်ပါသည်။

Office Address and Location Map
Location Map: