
မြိတ် သြဂုတ် ၉
ယနေ့ နံနက် ၀၉၀၀ နာရီအချိန်တွင် မြိတ်မြို့နယ်၊ ပုလဲရတနာခန်းမ၌ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းခွဲ(မြိတ်) ဗဟိုကော်မတီဝင်များ ကတိသစ္စာခံယူပွဲ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းခွဲ(မြိတ်) ဗဟိုကော်မတီဝင်များ တက်ရောက်ခဲ့ကြ ပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းခွဲ (မြိတ်) ဦးဆောင်နာယက၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို က အင်ဂျင်နီယာပညာရပ်သည် တိုင်းပြည်တည်ဆောက်ရေးတွင် အရေးကြီးသည့် ကဏ္ဍတစ်ခုမှ ပါဝင်နေကြောင်း၊ အင်ဂျင်နီယာ များသည် မြို့ပြအလှဆင်သူများအဖြစ်မှ လောကအလှဆင်သူများအဖြစ် တိုင်းပြည်တိုးတက်အောင် ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းခွဲ(မြိတ်) ဗဟိုကော်မတီဝင်များ၏ အမည်စာရင်းများအား ဖတ်ကြားခဲ့ပြီး သဘာပတိက တက်ရောက်လာ သူများထံမှ အတည်ပြုချက်ရယူခဲ့ပါသည်။ ထို့နောက် နာယကတစ်ဦးမှ ဗဟိုကော်မတီဝင်များအား ကတိသစ္စာတိုင်တည်ပေးခဲ့ပြီး မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းခွဲ(မြိတ်) ဥက္ကဋ္ဌ က မိတ်ဆက်စကားပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး အခမ်းအနားဖြစ်မြောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြသော ကုမ္ပဏီများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး အထွေထွေအတွင်းရေးမှူးတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ကာ ၁၀၀၀ နာရီအချိန်တွင် အခမ်းအနား ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်