Follow Us

အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

Thu, 10/13/2016 - 12:58

ထားဝယ် အောက်တိုဘာ  ၁၃

 

   တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့ "ဘဝရှင်သန်နေထိုင်ဖို့၊ ဘေးအန္တရာယ်အသိမျှဝေစို့"  ဆောင်ပုဒ်အား ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ သဘာဝလေးလျော့ပါးရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကို   ယနေ့ နံနက်(၉)နာရီအချိန် ထားဝယ်မြို့၊မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
    ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က အဖွင့်အမှာ စကားပြောကြားရာတွင် အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အခမ်းအနားကို ၂၀၀၉-ခုနှစ်၊  ဒီဇင်ဘာလ(၂၁)ရက်နေ့မှာ ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် ၊  (၆၄/၂၀၀)အရ နှစ်စဉ် အောက်တိုဘာလ(၁၃)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေး  နေ့အဖြစ် သတ်မှတ်ခဲ့ပြီး အထိမ်းအမှတ်အခမ်းအနားကို ကမ္ဘာ့နိုင်ငံအသီးသီး၌ ကျင်းပပြုလုပ်လျက်ရှိပါ  ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း အဆိုပါအခမ်းအနားကို ၂၀၁ဝခုနှစ်မှစ၍ နိုင်ငံတော်အဆင့် အခမ်းအနား တစ်ရပ်နေဖြင့် နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ပြီး ၂၀၁၃-ခုနှစ်မှစတင်၍တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ကျင်းပ ပြုလုပ်ခဲ့ရာ ယခု ၂၀၁၆ခုနှစ်တွင် စတုတ္ထအကြိမ်ကျင်းပရခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
    ဆက်လက်ပြီး တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ၂၀၁၆-ခုနှစ်အတွင်း မီးဘေး(၇)ကြိမ်၊ လေဘေး (၄)ကြိမ်၊ရေဘေး(၅)ကြိမ်၊မိုးကြိုးဘေး(၁)ကြိမ်၊မြေပြိုဘေး(၂)ကြိမ် စုစုပေါင်း(၁၉)ကြိမ်ဖြစ်ပွားခဲ့ပါ၍ အခြား တိုင်းနှင့်ပြည်နယ်များနှင့် နှိုင်းယှဉ်ပါက ဘေးဖြစ်ပွားမှု အနည်းဆုံးတိုင်းတွင် ပါဝင်ခဲ့ပါကြောင်း၊ သို့သော်လည်း သဘာဝဘေးအား ကြိုတင်တွက်ဆ၍မပါရ ကမ်းရိုးတန်းဒေသများပြားသည့်အတွက် သဘာဝဘေးလျော့ပါးရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန်နှင့် လူတစ်ဦး တစ်ယောက်ချင်းစီက တာဝန် သိစိတ် ကိုယ်စီနှင့် ဘေးအန္တာရာယ် လျော့ပါးရေး လုပ်ငန်းတွင် ဘေးကင်း လုံခြုံသောကမ္ဘာကြီးကိုတည်ဆောက်ကြပါစို့ ဟု တိုက်တွန်းပြောကြားပါသည်။
    ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဦးဟိုပင်က ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားသည်။     
    ဆက်လက်ပြီး သဘာဝဘေးလျော့ပါးရေးအတွက် အသိပညာပေး ဗီဒိယိုမှတ်တမ်းများကို Power Pointဖြင့်ပြသပြီး အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့  အထိမ်းအမှတ်ပြခန်းများအား တက်ရောက်လာသူများက လှည့်လည်ကြည့်ရှုကြသည်။
    အဆိုပါ အခမ်းနားကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် နှင့် တိုင်းဒေသကြီးအစိုးရ  အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ဆရာ/ဆရာမများနှင့် ရပ်မိရပ်ဖများ တက်ရောက်ကြကြောင်း သတင်းရရှိ သည်။
                                                             (တနင်္သာရီတိုင်းဒေသကြီးပြန်/ဆက်)