Follow Us

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန

Thu, 10/13/2016 - 11:43

Vertical Tabs

About Topic

လုပ်ငန်းတာဝန်များ
(၁) နိုင်ငံတော်အစိုးရ၏ စီးပွားရေးမူဝါဒများ အောင်မြင်စေရန်အတွက် အစွမ်းကုန် ကာကွယ်စောင့်ရှောက်ရန်
(၂) ပြည်သူပိုင်နှင့် အများနှင့်သက်ဆိုင်သောပစ္စည်းများခိုးယူခြင်း၊ အလွဲသုံးစားပြုခြင်း၊ လိမ်လည်ခြင်း၊ တရားမဝင်လက်ဝယ်ထား ရှိခြင်း၊ အကျိုးဖျက်ဆီးခြင်းများကို ကာကွယ်စောင့်ရှောက်ရန်နှင့် စုံစမ်းဖော်ထုတ်အရေးယူရန်
(၃) ပြည်သူ့ဝန်ထမ်းများ လာဘ်ပေးလာဘ်ယူကင်းရှင်းစေရန်နှင့် စာရိတ္တကြံ့ခိုင်စေရန်
(၄) ကုန်ပစ္စည်းများတရားမဝင်တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ နိုင်ငံခြားငွေများ တရားမဝင်လဲလှယ်ခြင်း၊ အခြားတရား မဝင်သော နည်းလမ်းများဖြင့် စီးပွားရှာခြင်း၊ ကုန်ဈေးနှုန်းများ ကမောက်ကမဖြစ်အောင် ဆောင်ရွက်ခြင်းစသော စီးပွားရေးမသမာမှုများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ တရားဥပဒေနှင့်အညီ အရေးယူရန်

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၏ လုပ်ငန်း/အကြောင်းအရာအလိုက် ဆောင်ရွက်လျှက်ရှိသည့် လုပ်ထုံးလုပ်နည်းများ 
  အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနအနေဖြင့် အဓိကထမ်းဆောင်ရသည့် အောက်ပါလုပ်ငန်းစဉ်(၆)ရပ်ရှိပါသည် - 
(က) စိစစ်ခြင်းလုပ်ငန်း
(ခ ) စုံစမ်းစစ်ဆေးခြင်းလုပ်ငန်း
(ဂ ) ဥပဒေအကြံပေးခြင်းလုပ်ငန်း
(ဃ) တရားစွဲတင်ပို့ခြင်း၊ တရားရုံးအမှုလိုက်ပါခြင်းလုပ်ငန်း
(င ) သတင်းထောက်လှမ်းစုဆောင်းတင်ပြခြင်းလုပ်ငန်း
(စ ) လုံခြုံရေးကိစ္စ ဆောင်ရွက်ခြင်း

(က) စိစစ်ခြင်းလုပ်ငန်းများ
  အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသော စိစစ်ရေးဆိုင်ရာလုပ်ငန်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(၁) အပြီးပြန်၊ အလုပ်လုပ်ရန်နှင့် လေ့လာရန် နိုင်ငံခြားသို့ သွားရောက်သူများနှင့် ပတ်သက်၍ နောက်ကြောင်းပြစ်မှု ရှိ/မရှိ စိစစ် ခြင်း၊
(၂) အစိုးရဌာနအဖွဲ့အစည်းများတွင် အလုပ်ခန့်ထားမည့် ပုဂ္ဂိလ်များနှင့် ပတ်သက်၍ နောက်ကြောင်းပြစ်မှု ရှိ/မရှိ စိစစ်ခြင်း၊
(၃) ပြည်ဝင်ခွင့် ဗီဇာလျှောက်ထားသူများနှင့် ပတ်သက်၍ နောက်ကြောင်းပြစ်မှု ရှိ/မရှိ စိစစ်ခြင်း၊
(၄) နိုင်ငံခြားငွေကြီးကြပ်ရေးလုပ်ငန်းတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခြင်း၊
(၅) မရွေ့မပြောင်းနိုင်သောပစ္စည်းများ လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေဆိုင်ရာ စိစစ်ရေးအဖွဲ့များတွင် ပါဝင်ဆောင်ရွက် ခြင်း၊
(၆) ရန်ကုန်မြို့အတွင်းရှိ အန္တရာယ်ဖြစ်စေမည့် အဆောက်အဦများအား ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ စစ်ဆေး ရာတွင် အခြားဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
(၇) သံဃာတော်များ ဘွဲ့တံဆိပ်ဆက်ကပ်ရေးအတွက် စိစစ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း၊
(၈) လူပုဂ္ဂိုလ်များ၊ ဘွဲ့ထူး၊ ဂုဏ်ထူးချီးမြှင့်အပ်နှင်းရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း၊
(၉) ဆော်ဒီအာရေဗျနိုင်ငံ၊ မက္ကာမြို့တွင် ဝတ်ပြုရန်သွားရောက်မည့် ဟာဂျီလောင်းများအား စိစစ်ရွေးချယ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း၊
(၁၀) ကုမ္ပဏီများအသစ်တည်ထောင်ခြင်း၊ သက်တမ်းတိုးခြင်းကိစ္စများနှင့် ပတ်သက်၍ နောက်ကြောင်းပြစ်မှုရှိ/မရှိ စိစစ်ခြင်း၊
(၁၂) လက်ကျန် နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီတွင် ပါဝင်ဆောင်ရွက်စိစစ်ခြင်း။

(ခ) စုံစမ်းစစ်ဆေးခြင်းလုပ်ငန်း
  အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနအနေဖြင့် အောက်ပါနည်းလမ်းများအရ ရရှိသည့်အမှုများကို စုံစမ်းရေး မူဝါဒများနှင့်အညီ စုံစမ်းစစ်ဆေးခြင်းပြုလျှက်ရှိပါသည်-
(၁) ပြည်ထဲရေးဝန်ကြီးဌာနက တိုက်ရိုက်တာဝန်ပေးသည့်အမှုများအား စုံစမ်းစစ်ဆေးခြင်း၊ 
(၂) နိုင်ငံတော်အာဏာပိုင်အဖွဲ့အစည်းများ၊ အခြားဝန်ကြီးဌာနများမှ ပြည်ထဲရေးဝန်ကြီးဌာနသို့ စုံစမ်းစစ်ဆေးရန် ပေးပို့သောကိစ္စ များကို ပြည်ထဲရေးဝန်ကြီးဌာန၏ ဆက်လက်တာဝန်ပေးချက်အရ စုံစမ်းစစ်ဆေးခြင်း၊
(၃) ဦးစီးဌာနမှ ထောက်လှမ်းရရှိသည့် သတင်းများနှင့် လက်ခံရရှိသည့်တိုင်ကြားချက်များအနက် စုံစမ်းသင့် စုံစမ်းထိုက်သော ကိစ္စများကို ပြည်ထဲရေးဝန်ကြီး ဌာနသို့တင်ပြ၍ စုံစမ်းစစ်ဆေးခြင်း၊
(၄) အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနသို့ အထက်အဖွဲ့စည်းအသီးသီးက တာဝန်ပေးအပ်လာသည့် မည်သည့်စုံစမ်းမှု ကိုမဆို အောက်ပါစုံစမ်းရေး ဦးတည်ချက်(၃)ရပ်နှင့်အညီ စုံစမ်းဖော်ထုတ်လျှက်ရှိပါသည်-
  (ကက) ဖြစ်ရပ်မှန်ပေါ်ပေါက်အောင် စုံစမ်းဖော်ထုတ်၍ တာဝန်ရှိသူများအား ပြစ်မှုကြောင်းအရလည်းကောင်း၊ ဌာနဆိုင်ရာ အရလည်းကောင်း အရေးယူနိုင်ရေး၊ 
  (ခခ) ပြစ်မှုကျူးလွန်ရာ၌ အကျူံးဝင်သည့် ငွေကြေး၊ ပစ္စည်းများသိမ်းဆည်းနိုင်ခြင်းဖြင့် ဆုံးရှုံးသွားသော ပြည်သူ့ဘဏ္ဍာများ ပြန်လည်ရရှိရေး၊
  (ဂဂ) ဖြစ်ရပ်သည် မည်သည့်အကြောင်းကြောင့်ဖြစ်ရသည်၊ မည်သူ့တွင်တာဝန်ရှိသည်၊ မည်သို့ပြုပြင်သင့်သည် တို့ကိုပါ ဖော်ထုတ်သုံးသပ်၍ နောင်အလားတူဖြစ်ရပ်မျိုး မပေါ်ပေါက်စေရန် စီမံခန့်ခွဲရေးအပိုင်းမှ ကြိုတင်တားဆီးကာကွယ်နိုင်ရေး။

(ဂ) ဥပဒေအကြံပေးခြင်းလုပ်ငန်း
    စုံစမ်းစစ်ဆေးပေါ်ပေါက်ချက်များအပေါ် အခြေပြု၍ ဌာနဆိုင်ရာအရဖြစ်စေ၊ ဥပဒေကြောင်းအရဖြစ်စေ အရေးယူမည့်ပြစ်မှုများကို ပြည်ထဲရေးဝန်ကြီးဌာနသို့ မတင်ပြမီမိမိဦးစီးဌာနရှိဥပဒေ ဌာနစု၏ဥပဒေထင်မြင်ချက်ကို ဦးစွာရယူရပါသည်။ အချို့သောအမှုများတွင် လူပုဂ္ဂိုလ်အရအရေးကြီးခြင်း၊ ဥပဒေရေးရာ ပြဿနာပါဝင်ခြင်း တို့ကြောင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ပေးပို့၍ ဥပဒေထင်မြင်ချက် တောင်းခံပါသည်၊ ယင်းနောက် တရားစွဲဆိုရန်သော်လည်းကောင်း၊ ဌာနဆိုင်ရာအရ အရေးယူရန်သော်လည်းကောင်း၊ ပေါ်ပေါက်လာသော ကိစ္စရပ် များကို ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြ၍ ခွင့်ပြုချက်ယူပြီး တရားစွဲဆိုမည့်အမှုများကို ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများသို့ အကြောင်းကြားနိုင်ရန် စီစဉ်ဆောင်ရွက်ပါသည်။ 

(ဃ) တရားစွဲတင်ပို့ခြင်းနှင့် တရားရုံးအမှု လိုက်ပါဆောင်ရွက်ခြင်း
(၁) အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနအနေဖြင့် စုံစမ်းစစ်ဆေးရသောအမှုများမှ ပြစ်မှုကျူးလွန်သူများကို သက်ဆိုင်ရာတရားရုံး များသို့ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေနှင့်အညီ တရားစွဲတင်ပို့ရပါသည်။ ယင်းသို့တရားစွဲသော အမှုများတွင်လည်း ဤဦးစီးဌာနဝန်ထမ်းများက တရားလိုအကျိုးဆောင်အဖြစ် လိုက်ပါဆောင်ရွက်ရပါသည်။ တရားရုံးများတွင် အမှုလိုက်ပါ ဆောင်ရွက်ရသော လုပ်ငန်းများကို အကျိုးဆောင်ဌာနစုက ဆောင်ရွက်ပါသည်၊ 
(၂) အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ တရားစွဲတင်ပို့သောအမှုများအနက် အချို့သောအမှုများမှာ အကြောင်း အမျိုးမျိုးကြောင့် တရားရုံးများမှတရားရှင်၊ တရားသေလွှတ်ခြင်းများရှိတတ်ပါသည်။ ထိုအခါများတွင် အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနအနေဖြင့် အဆင့်မြင့်တရားရုံး၏ အဆုံးအဖြတ်ကို ခံယူရန်ပြင်ဆင်မှု၊ အယူခံမှုများ တက်ရောက်ရပါသည်။

(င) သတင်းထောက်လှမ်း စုဆောင်းတင်ပြခြင်း
   အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနအနေဖြင့် ရန်ကုန်မြို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်ရုံးများတွင် အဖွဲ့များဖွဲ့စည်း၍ နယ်မြေသတင်းများ ရယူလျှက်ရှိပါသည်၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် နယ်စပ်ဒေသ ကုန်သွယ်ရေးလုပ်ငန်းများနှင့် သွင်းကုန်/ထုတ်ကုန်လုပ်ငန်းအခြေအနေများ၊ နယ်စပ်ဒေသရှိနိုင်ငံခြား ငွေလဲလှယ် နှုန်းပြောင်းလဲမှုအခြေအနေများ၊ နိုင်ငံတော်မှ ဆောင်ရွက်လျှက်ရှိသော တည်ဆောက်ရေးလုပ်ငန်းများနှင့် စီမံကိန်းဆိုင်ရာလုပ်ငန်း အခြေအနေများကို သတင်းရယူ၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များသို့ လိုအပ်သလို စီမံကွပ်ကဲနိုင်ရန် သတင်းများပေးပို့ တင်ပြလျှက်ရှိပါသည်။ တစ်ချိန်တည်းမှာပင် နေပြည်တော်ရှိ ဗဟိုရုံးမှတစ်ဆင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ သတင်းတင်ပြလျှက်ရှိပါသည်။ အထူးသဖြင့် ကုန်စျေးနှုန်းသတင်းများကို စုဆောင်း၍ ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြလျှက်ရှိပါသည်။ ထို့အပြင် နိုင်ငံတော် လုံခြုံရေးနှင့်ပတ်သက်၍ ဆန့်ကျင်ဘက်အင်အားစုများ၏ သတင်းများကိုရယူ၍ အထူးအစီရင်ခံစာများဖြင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြလျှက်ရှိပါသည်။ 

(စ) လုံခြုံရေးဆိုင်ရာလုပ်ငန်းများ
  အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနသည် အောက်ပါလုံခြုံရေးဆိုင်ရာလုပ်ငန်းများကိုလည်း မိတ်ဖက်အဖွဲ့အစည်း များနှင့် ပူးပေါင်း ဆောင်ရွက်ရပါသည်-
(၁) ပြည်တွင်းတွင် ပျံသန်းနေသော လေယာဉ်ခရီးစဉ်များတွင် မသမာသူများက လေယာဉ်အပိုင်စီးခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်းတို့မှ ကာကွယ်ရန်၊ လေဆိပ်လုံခြုံရေးနှင့် လေကြောင်းဥပဒေအရ တားဆီးထားသော ပစ္စည်းများကို ခိုးဝှက်သယ်ယူမှုများ မပြုနိုင်ရန် အတွက် အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းကာကွယ်ခြင်း၊
(၂) ရေကြောင်း၊ ကုန်းကြောင်းမှ ယာဉ်များဖြင့် ဖောက်ခွဲဖျက်ဆီးရေးကိရိယာများ၊ လက်နက်များနှင့် ဥပဒေအရ တားဆီးထားသောပစ္စည်းများကို ခိုးဝှက်သယ်ယူမှုများ မပြုနိုင်ရန်အတွက် အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်း ကာကွယ်ခြင်း၊
(၃) ကျောက်မျက်ရတနာပြပွဲများ ပြုလုပ်ရာတွင် အခြားအဖွဲ့အစည်းမျာနှင့်ပူးပေါင်း၍ အကာအကွယ် ပြုလုပ်ပေးရခြင်း၊ 
(၄) နိုင်ငံတော်လုံခြုံရေးအတွက် မြေပေါ်မြေအောက် အဖျက်သမားများနှင့်ဆန့်ကျင်ဘက် အင်အားစုများ၏ လှုပ်ရှားမှုသတင်းများ စုဆောင်းတင်ပြခြင်း၊
(၅)  အရေးကြီးပုဂ္ဂိုလ် လုံခြုံရေးကိစ္စများကို အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
(၆) နိုင်ငံတော်အဆင့်ကျင်းပသော အခမ်းအနားများတွင် လုံခြုံရေးကိစ္စများကို အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊

Office Address and Location Map
Location Map: