Follow Us

မြိတ်မြို့ လေးကျွန်းဆီမီးစေတီတော်တွင် အဘိဓမ္မာ(၇)ကျမ်း ပါဠိတော် ကောက်နုတ်ချက်ရွတ်ပွားပူဇော်

Thu, 10/13/2016 - 10:25

မြိတ် အောက်တိုဘာ ၁၁  

        မြိတ်မြို့လေးကျွန်းဆီမီးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူး၍ စေတီတော် ဗုဒ္ဓသာသနာ့ဗိမာန်တော်တွင် အဘိဓမ္မာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် အဘိဓမ္မာ(၇)ကျမ်း ပါဠိတော်ကောက်နုတ်ချက် ရွတ်ပွားပူဇော်ပွဲကို သီတင်းကျွတ်လဆန်း(၁၀)ရက်မှ လပြည့်နေ့အထိမြိတ်ခရိုင်အတွင်းရှိ မြိတ်၊ ကျွန်းစု၊ ပုလော၊ တနင်္သာရီမြို့နယ်များမှ ဝတ်အသင်းအဖွဲ့(၃၄၅)ဖွဲ့မှ စုပေါင်းကာ ရွတ်ပွားပူဇော်ကြမည်ဖြစ်ကြောင်းသိရသည်။
        အဘိဓမ္မာ(၇)ကျမ်း ပါဠိတော်ကောက်နုတ်ချက်ရွတ်ပွားပူဇော်ပွဲအခမ်းအနားကို အောက်တိုဘာလ(၁၁) ရက် နံနက် (၀၇၄၅)နာရီက ကျင်းပခဲ့ရာရှေးဦးစွာ ဝါတွင်းကာလသတင်းနေ့တရားပွဲများတွင် တရားချီးမြှင့်တော်မူခဲ့ကြသည့် ဆရာတော်များအား သိမ်တော်ကြီး ဥပါသိကာအဖွဲ့မှရှစ်လုံးဘွဲ့ကဗျာဖြင့် ရွတ်ဆိုပူဇော်ခဲ့ကြပြီး ဧည့်ပရိတ်သတ်အပေါင်းက တနင်္သာရီတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဌ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တကောဏ္ဍည ကန်သာကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလံယူဆောက်တည်ခဲ့ကြ၍ အဘိဓမ္မာဒေသနာတော်များ နာကြားခဲ့ကြသည်။
       ထိုနောက် သြဝါစရိယဆရာတော်တော်ကြီးများနှင့် ဝါတွင်းသီတင်းနေ့များတွင် တရားချီးမြှင့်တော်မူခဲ့ကြသည့် ဆရာတော်များအား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြကာ ပုဂံဘုရားများပြုပြင်ရန်အတွက် သိမ်တော်ကြီးစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ (၅)သိန်း၊ မြိတ်မြို့ဗုဒ္ဓဘာသာအသင်းကြီးမှ (၅)သိန်း၊ မြိတ်မြို့ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေး ဗုဒ္ဓဘာသာအစုအဖွဲ့မှ(၁)သိန်း(၅)သောင်း၊ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကိုက (၃)သိန်း၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးတင်ထွန်းက (၂)သိန်းကျပ်တို့ကို ကန်သာကျောင်းတိုက်ဆရာတော်ထံ ဆက်လက်လှူဒါန်းခဲ့ကြသည်။
       ဆက်လက်၍ လှူဒါန်းမှုအစုစုအတွက် ကန်သာကျောင်းတိုက်ဆရာတော်ထံမှ အနုမောဒနာတရား နာကြားကြကာ ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနာ စိရံတိဌတု(၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်ကြသည်။ အခမ်းအနားအပြီးတွင် အဘိဓမ္မာ(၇)ကျမ်း ပါဠိတော်ကောက်နုတ်ချက်များကို ဝတ်အသင်းအဖွဲ့မှ အလှည့်ကျ အောက်တိုဘာလ(၁၁)ရက်မှ (၁၆)ရက်နေ့အထိ နံနက်(၇)နာရီမှ ညနေ (၄)နာရီအထိ ရွတ်ပွားပူဇော်ကြမည်ဖြစ်ကြောင်း၊ အဘိဓမ္မာ(၇)ကျမ်း ပါဠိတော်ကောက်နုတ်ချက်ရွတ်ပွားပူဇော်ပွဲကို နှစ်စဉ်ကျင်းပလာခဲ့သည်မှာ (၂၅)နှစ်ရှိပြီဖြစ်ကြောင်း သိရရှိပါသည်။