Follow Us

တနင်္သာရီတိုင်းဒေသကြီးအဆင့် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ (၅/၂၀၂၀) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

Mon, 04/27/2020 - 22:22

ထားဝယ် ဧပြီ ၂၇

          ယနေ့ နံနက် ၁၀၀၀ နာရီအချိန် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ ၌ တနင်္သာရီတိုင်းဒေသကြီးအဆင့် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ (၅/၂၀၂၀) လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တနင်္သာရီတိုင်း ဒေသကြီးအဆင့် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ ပါသည်။

          အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီးအဆင့် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် က အဖွင့်အမှာစကားပြောကြားရာ (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ညွှန်ကြားချက်ဖြစ်သော စက်ရုံ၊ အလုပ်ရုံများဖွင့်လှစ် ခြင်းနှင့် ကျန်းမာရေးညွှန်ကြားချက်မျာအား လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ သက်ဆိုင်ရာကျန်းမာရေး ဌာနများမှ စစ်ဆေးဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ တာဝန်အရ ခရီးသွားလာနေသော ဝန်ထမ်းများကို မည်ကဲ့သို့ Quarantine ထားရှိမည်နှင့် Quarantine ထားရှိမည်ဆိုပါက လုပ်ငန်း တာဝန်များ နှောင့်နှေးကြန့်ကြာမှုမရှိစေရေးအတွက် ဆွေးနွေးပေးစေလိုကြောင်း၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီမှ Community Based Facility Quarantine နေရာများ ကြိုတင်ဆောင်ရွက်ထားရှိရေး ညွှန်ကြားထားပါကြောင်းနှင့်၎င်းနေရာများအား  စံသတ်မှတ်ချက် များနှင့် ကိုက်ညီစေရေးအတွက် သက်ဆိုင်ရာကျန်းမာရေးဌာနမှ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ Community Based Facility Quarantine ဆောင်ရွက်နေသော စာသင်ကျောင်းများတွင် သန့်စင်ခန်းများ လုံလောက်စွာထားရှိရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ Community Based Facility Quarantine ဖွင့်လှစ်ရန် အင်္ဂါရပ်နှင့်ကိုက်ညီပြီး အမှန်တကယ် အသုံးပြုလျက်ရှိသော အရေအတွက်များကို ပြန်လည်စိစစ်ပြီး ဝင်ဆံ့ဦးရေ၊ လက်ရှိဦးရေ၊ ထပ်မံ အသုံးပြုနိုင်သောဦးရေများကို အသေးစိပ်ဖော်ပြပြီး တင်ပြပေးရန်လိုအပ်မည်ဖြစ်ပါကြောင်း၊  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ စေတနာ့ဝန်ထမ်း တင်ပြရန်ကိစ္စနှင့် ပတ်သက်၍ စေတနာ့ဝန်ထမ်းများ၏ အရေအတွက်ကို ကျား၊ မ ခွဲခြားပြီး အချိန်မီပြုစုတင်ပြနိုင်ရေး အတွက် ဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျ က တနင်္သာရီတိုင်းဒေသကြီးအဆင့် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဆောင်ရွက်မှုအခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြ ခဲ့ပါသည်။

          ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တနင်္သာရီတိုင်းဒေသကြီးအဆင့် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တင်ပြဆွေးနွေးကြပြီး တနင်္သာရီတိုင်း ဒေသကြီးအဆင့် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် က နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ၁၂၃၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။