Follow Us

တိုင်းဒေသကြီးအဆင့် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ညှိနှိုင်းအစည်းအဝေး ကျင်းပ

Fri, 04/10/2020 - 01:01

ထားဝယ် ဧပြီ ၉

          ယနေ့ ၁၃၀၀ နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး/ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ နှင့် ကုန်သည်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် တိုင်းဒေသကြီးအဆင့် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် က တိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဖွဲ့စည်း ပြီးနောက်တွင် နယ်စပ်ဝင်ပေါက်များမှ ဝင်ရောက်လာသူများ အား Facility Quarantine ပြုလုပ်ရာတွင် စနစ်တကျဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်ချက်များအပေါ်မူတည်၍ ထောက်ပံ့မှုများ ပြုလုပ်ပေးလျက် ရှိပါကြောင်း၊ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအနေဖြင့် ကြိုတင်ပြင်ဆင်သင့်သည့်ကိစ္စရပ်များကို ကြိုတင်ပြင်ဆင်ထားရမည် ဖြစ်ကြောင်း၊ နယ်စပ်အဝင်/အထွက် ဂိတ်များပိတ်ထားသည့် အချိန်အတွင်း ယာဉ်လိုင်းများနှင့် လူပွဲစားများမှ ဥပဒေနှင့်မညီသော လုပ်ရပ်မျိုးရှိလာခဲ့လျှင် ထိထိရောက်ရောက်အရေးယူ သွားမည်ဖြစ်ကြောင်း၊ ရောဂါဖြစ်ပွားရာ ဒေသများမှ ပြန်လာသူများအား Facility Quarantine ပြုလုပ်ရမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ တက်ရောက်လာသူများမှ ဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အတွင်းရေးမှူး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျ က  Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး နှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ တွဲဘက်အတွင်းရေးမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ကျော် က Coronavirus Disease 2019 (COVID-19) လုပ်ငန်းကော်မတီ ဖွဲ့စည်းမှု အခြေအနေများအား ဆွေးနွေးပြောကြားခဲ့ပါသည်။

          ဆက်လက်၍ တက်ရောက်လာသူများမှ အထွေအထွေဆွေးနွေးတင်ပြခဲ့ကြပြီး Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် က နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ၁၇၁၀ နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။