Follow Us

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကျင်းပ

Thu, 01/30/2020 - 21:04

ထားဝယ် ဇန်နဝါရီ ၃၀

          ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဒုတိယနေ့)အား တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ (၃၀.၁.၂၀၂၀)ရက်နေ့ နံနက် (၁၀၀၀)နာရီအချိန်တွင် စတင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁၈)ဦး၊ တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၇) ဦးနှင့် လေ့လာသူသတင်းမီဒီယာ (၈)ဦးတို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဝေနှင့် တွဲဖက်အခမ်းအနားမှူးအဖြစ် ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုးမိုးထွန်း တို့က ဆောင်ရွက်ခဲ့ပါသည်။

          တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး နေရာယူပြီးနောက် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၂၈) ဦးရှိသည့်အနက် (၂၇)ဦး တက်ရောက်ခဲ့သဖြင့် စုစုပေါင်း(၉၆.၄၂)ရာခိုင်နှုန်းရှိပြီး တက်ရောက်သည့်ကိုယ်စားလှယ်ဦးရေသည် အစည်းအဝေး အထမြောက်ရန် လိုအပ်သောကိုယ်စားလှယ်ဦးရေ (၃)ပုံ(၁)ပုံထက် ကျော်လွန်သည့်အတွက် ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၅) ကြိမ်မြောက်ပုံမှန် အစည်းအဝေး (ဒုတိယနေ့) အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခဲ့ပါသည်။

          အစည်းအဝေး၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ (ဒုတိယနေ့) အစည်းအဝေး တက်ရောက်မှု အခြေအနေကိုမှတ်တမ်းတင်ခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ က ခွင့်ပြုထားသော ကြယ်ပွင့်ပြမေးခွန်း (၅)ခုအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်း၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က တင်သွင်းထားသော ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြု ငွေစာရင်းအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်းနှင့် တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုခြင်း၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ထားဝယ်မြို့ အဆိုပြု မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း ပုံစံအား တိုင်းဒေသကြီးလွှတ်တော်သို့တင်သွင်းခြင်းနှင့် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသား လူမျိုးများအရေးဆိုင်ရာကော်မတီက မျက်မှောက်ခေတ်ဆလုံလူမှုဘဝ အခြေအနေနှင့်စပ်လျဉ်းသည့် အစီရင်ခံစာအား တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို (၁၁၃၀) နာရီ အချိန်တွင်ရပ်နားခဲ့ပြီး ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (တတိယနေ့)ကို (၃၁.၁.၂၀၂၀)ရက်၊ (သောကြာနေ့) (၁၀၀၀) နာရီအချိန်တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ထားဝယ်ခရိုင်ပြန်/ဆက် သတင်းပေးပို့ပါသည်။