Follow Us

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည် ဖော်မှုများဖြစ်ပေါ်တိုးတက်မှုအခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြဆွေးနွေးခြင်း အခမ်းအနား တက်ရောက်

Thu, 01/30/2020 - 00:21

ထားဝယ် ဇန်နဝါရီ ၂၉

          ယနေ့ နေ့လယ် ၁၃၀၀ နာရီအချိန် ထားဝယ်မြို့ မြို့တော်ခန်းမ၌ ပြုလုပ်ကျင်းပသော ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည် ဖော်မှုများဖြစ်ပေါ်တိုးတက်မှုအခြေအနေ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြဆွေးနွေးခြင်း အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဝင်များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့် သတင်းမီဒီယာများ တက်ရောက်ခဲ့ပါသည်။

          အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ဒေါ်ရီရီချို က ပြည်သူလူထု များ၏ စားဝတ်နေရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ အဖက်ဖက်မှ ဘက်စုံ ထောင့်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်ထောင်စုအစိုးရအဖွဲ့နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှု အပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်အတူ ပြည်သူလူထုမှ တက်တက်ကြွကြွ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှသာ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း အောင်မြင်မည်ဖြစ်ပါကြောင်း၊ ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်ချက်များကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ဖြစ်ထွန်းအောင်မြင်လျှင် တိုင်းဒေသကြီးအတွင်း ဒေသ၏ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ(၂) ဒေါက်တာမြင့်ဆန်း က ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း၏ လက်ရှိဆောင်ရွက်နေမှုများနှင့် တိုးတက်မှုအခြေအနေ များအား တင်ပြဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ တိုင်းဒေသကြီးလမ်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးသက်ဇော်ဝင်းက နှစ်လမ်းသွား ကားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်း တင်ပြ၍ ဒေသခံပြည်သူတစ်ဦးမှ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနှင့်စပ်လျဉ်း၍ တင်ပြ ဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ တက်ရောက်လာသော ဒေသခံပြည်သူများမှ ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက်မှုဖြစ်ပေါ်လာပါက ဒေသခံပြည်သူများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများနှင့် မြေယာပြဿနာများ ဖြေရှင်းဆောင်ရွက်ပေးမည့် အခြေအနေများအား မေးမြန်းခဲ့ပြီး ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများက ပြန်လည် ဖြေကြားပေးခဲ့ကာ ၁၅၅၀ နာရီအချိန်တွင် အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။