Follow Us

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန

Tue, 10/11/2016 - 10:22

Vertical Tabs

About Topic

ဝန်ကြီးဌာန၏လုပ်ငန်းတာဝန်များ

ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည် -
(၁) မြန်မာနိုင်ငံခရီးသွားလုပ်ငန်းပင်မစီမံကိန်းပါ ဦးစားပေးလုပ်ငန်းများအတွက် လိုအပ်သောအကူအညီများကို ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများထံမှ ရရှိနိုင်ရေးဆောင်ရွက်ရန်။
(၂) မြန်မာနိုင်ငံကို ထင်ရှားသည့် ခရီးစဉ်ဒေသဖြစ်အောင် ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများအကူအညီဖြင့် မြှင့်တင်ကြော်ငြာမှုလုပ်ငန်းများကို ကျယ်ပြန့်စွာဆောင်ရွက်ရန်။
(၃) နှစ်စဉ်နိုင်ငံခြားသားဧည့်သည်ဝင်ရောက်မှုတိုးတက်မြင့်မားရေး၊ အမျိုးသားဝင်ငွေတိုးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိရေးအတွက် နည်းလမ်းများရှာဖွေဆောင်ရွက်ရန်။
(၄) ဟိုတယ်လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းကဏ္ဍဆိုင်ရာများ တိုးတက်မြင့်မားလာစေရေးနှင့် အတတ်ပညာများ စနစ်တကျတိုးတက်ပြန့်ပွားစေရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ၊ ပြပွဲများ၊ ကွန်ဖရင့်များ၊ ကျင်းပနိုင်ရေး စီစဉ် ဆောင်ရွက်ရန်။
(၅) ခရီးစဉ်ဒေသအလိုက် ဆွဲဆောင်မှုနေရာများ၊ ပြကွင်းပြကွက်များ စုံလင်အောင်ဖော်ထုတ်ရန်။
(၆) မြန်မာနိုင်ငံခရီးစဉ်ဒေသများအလိုက်ရှိနှင့်ပြီးသော ဆွဲဆောင်မှုများကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ခရီးစဉ်ဒေသအသစ်နှင့် ဆွဲဆောင်မှုအသစ်များ တိုးချဲ့ဖော်ထုတ်ရန်။
(၇) နိုင်ငံအဆင့်၊ ဒေသအဆင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာရေးနှင့် အထောက်အကူပြုလုပ်ငန်းများ ပေါ်ထွန်းလာရေးတို့အတွက် စီမံဆောင်ရွက်ရန်နှင့် ပြည်ပအဖွဲ့အစည်းများ၏ အကူအညီရရှိရေး ကြိုးပမ်း ဆောင်ရွက်ရန်။
(၈) အပြည်ပြည်ဆိုင်ရာလေဆိပ်များနှင့် နယ်စပ်ဝင်/ထွက်ပေါက်များတွင် ခရီးသွားဧည့်သည်များမှ အဆင်ပြေလွယ်ကူစွာ ဝင်/ထွက် နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ရန်။
(၉) ခရီးသွားလုပ်ငန်းအတွက် အထောက်အကူပြုလုပ်ငန်း အမျိုးအစားများဖြစ်သည့် ခရီးစဉ်လှည့်လည်ပြသခြင်းလုပ်ငန်း၊ ဧည့်လမ်းညွန်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ အမှတ်တရပစ္စည်းထုတ်လုပ်ရောင်းချရေးလုပ်ငန်းစသည်တို့ကို စနစ်တကျ လုပ်ကိုင် ဆောင်ရွက်နိုင်ရေး လမ်းညွှန်ထိန်းသိမ်းရန်။
(၁၀) မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဥပဒေ၊ နည်းဥပဒေများကို ခေတ်နှင့်အညီ ပြန်လည်သုံးသပ်ပြုပြင်ရေးဆွဲရန်။
(၁၁) တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများဖြင့် လုပ်ကိုင်ဆောင်နေသည့် ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်လာအောင် စီမံဆောင်ရွက်ရန်။
(၁၂) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းဆိုင်ရာအသက်မွေးဝမ်းကျောင်းမှုသင်တန်းမှ အဆင့်မြင့်ပညာသင်တန်းများအထိ ဖွံ့ဖြိုးတိုးတက်အောင် စီမံဆောင်ရွက်ရန်။
(၁၃) ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အသက်မွေးဝမ်းကျောင်းမှုသင်တန်းများတွင် အာဆီယံစံနှုန်းများနှင့် ကိုက်ညီသော သင်ရိုးညွှန်းတမ်းများဖြင့် လေ့ကျင့်သင်ကြားစေခြင်း၊ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်းများအတွက် စနစ်တကျဖွဲ့စည်းပြီး ကြပ်မတ်ဆောင်ရွက်ရန်။
(၁၄) ခရီးသွားလုပ်ငန်းကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး မထိခိုက်စေရေး၊ ယဉ်ကျေးမှုအမွေအနှစ်များ မပျက်စီးမပျောက်ကွယ်စေရေး၊ လူမှုရေးပြဿနာများ မပေါ်ပေါက်စေရေး၊ စီးပွားရေးဆိုင်ရာပြဿနာများ မဖြစ်ပေါ်စေရေးတို့အတွက် မျက်ခြေ မပြတ် ဂရုစိုက်ထိန်းသိမ်းစောင့်ရှောက်ရန်။
(၁၅) လေကြောင်း၊ ရေကြောင်းနှင့် ကုန်းကြောင်းခရီးစဉ်များအတွက် လေယာဉ်၊ သင်္ဘော၊ ရထား၊ မော်တော်ယာဉ်များ စံချိန်စံညွှန်းနှင့်အညီ ဝန်ဆောင်မှုပြုနိုင်ရေး ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ပေးရန်။
(၁၆) ခရီးသည်ရောက်ရှိမှုနှင့် ဒေသအလိုက်ဝန်ဆောင်မှုပေးနိုင်ခြင်းအခြေအနေ မျှတမှုရှိ/မရှိ ထိန်းသိမ်းကြပ်မတ်ခြင်း၊ အခြားအစီအစဉ်ထား (၁၉) ပြည်တွင်းခရီးသွားလုပ်ငန်း၊ (Domestic Tourism)ကို စနစ်တကျဖွံ့ဖြိုးတိုးတက်အောင်ရှိခြင်းတို့ပြုနိုင်ရေးတို့ အတွက် သုတေသနနှင့် ဆန်းစစ်ခြင်းလုပ်ငန်းများကို နှစ်စဉ်ပြုလုပ်ရန်။
(၁၇) ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုကြောင့် ခရီးစဉ်ဒေသအတွင်း ဆင့်ပွားအကျိုးသက်ရောက်မှု၊ လူမှုအဆင့်အတန်းဖွံ့ဖြိုးမှု၊ ဆင်းရဲမှုလျော့ချနိုင်မှုတို့ကို မှန်ကန်တိကျသော ကိန်းဂဏန်းများဖြင့် ဖော်ထုတ်ပြသရန်။
(၁၈) ပြည်သူများမှ ပြည်ပသို့ထွက်ခွာသွားလာနိုင်သည့် ပြည်ပထွက်ခွာသည့် ခရီးသွားလုပ်ငန်း (Outbound Tourism) ကို ခရီးသွားကုမ္ပဏီများမှ စနစ်တကျလုပ်ကိုင်ဆောင်ရွက်နိုင်ရေး စည်းမျဉ်းစည်းကမ်းများဖြင့် လုပ်ကိုင်ခွင့်ပြုရန်။

လိုင်စင်ဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်စည်းကမ်းများ
(က) ခရီးလှည့်လည်ရေးလုပ်ငန်း
ခရီးစဉ်ဆောင်ရွက်မှုလုပ်ငန်း (သို့မဟုတ်) ခရီးသွားကိုယ်စားလှယ်လုပ်ငန်း (သို့မဟုတ်) ယင်းလုပ်ငန်းနှစ်ရပ်လုံးလုပ်ကိုင်သူသည် လုပ်ကိုင်ခွင့်ရရှိရန် သတ်မှတ်သည့်ပုံစံဖြင့် ဌာနသို့ တိုက်ရိုက်ဖြစ်စေ၊ ဒေသဆိုင်ရာရုံးမှတဆင့်ဖြစ်စေ လျှောက်ထားရမည်။
ခရီးလှည့်လည်ရေးလုပ်ငန်းလုပ်ကိုင်ရန် လိုင်စင်လျှောက်ထားသူသည် အောက်ပါလိုအပ်ချက်များနှင့် ညီညွတ်ပြည့်စုံစေရမည် -
(၁) လီမိတက်ကုမ္ပဏီ(သို့မဟုတ်)ဖက်စပ်လုပ်ငန်းအဖြစ် ဆောင်ရွက်လိုလျှင် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေနှင့်အညီ မှတ်ပုံတင်ပြီးဖြစ်ရမည်။
(၂) လုပ်ငန်းလုပ်ကိုင်ရန်အတွက် ရုံးခန်းအဆောက်အအုံရှိရမည်။
(၃) လုပ်ငန်းတည်ထောင်ရန် ငွေကြေးအလုံအလောက်ရှိရမည်။
(၄) လုပ်ငန်းကျွမ်းကျင်သူ အလုံအလောက်ရှိရမည်။

(ခ) ဟိုတယ်လုပ်ငန်းနှင့် တည်းခိုရိပ်သာလုပ်ငန်း
ဟိုတယ်လုပ်ငန်း(သို့မဟုတ်)တည်းခိုရိပ်သာလုပ်ငန်း လုပ်ကိုင်လိုသူသည် လုပ်ကိုင်ခွင့်လိုင်စင်ရရှိရန် သတ်မှတ်သည့်ပုံစံဖြင့် ဦးစီးဌာနသို့ တိုက်ရိုက်ဖြစ်စေ၊ ဒေသဆိုင်ရာရုံးမှတဆင့်ဖြစ်စေ လျှောက်ထားရမည်။
ဦးစီးဌာနသည် ဟိုတယ်လုပ်ငန်းနှင့် တည်းခိုရိပ်သာလုပ်ငန်းဆိုင်ရာ အမျိုးအစား၊ အဆင့်အတန်းများကို သတ်မှတ်ပေးရမည်။
ဟိုတယ်လုပ်ငန်း (သို့မဟုတ်)တည်းခိုရိပ်သာလုပ်ငန်းလုပ်ကိုင်ရန် လိုင်စင်လျှောက်ထားသူသည် အောက်ပါလိုအပ်ချက်များနှင့် ညီညွတ်ပြည့်စုံစေရမည် -
(၁) လီမိတက်ကုမ္ပဏီ (သို့မဟုတ်) ဖက်စပ်လုပ်ငန်းအဖြစ် ဆောင်ရွက်လိုလျှင် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေနှင့်အညီ မှတ်ပုံတင်ရမည်။
(၂) ဦးစီးဌာနက ဟိုတယ်(သို့မဟုတ်)တည်းခိုရိပ်သာအတွက် သတ်မှတ်သည့် အနည်းဆုံးလိုအပ်ချက်များနှင့် ညီညွတ်ပြည့်စုံစေရမည်။
(၃) ဟိုတယ်(သို့မဟုတ်) တည်းခိုရိပ်သာသည် သန့်ရှင်းမှုရှိပြီး ကျန်းမာရေးနှင့် ညီညွတ်ကြောင်း သက်ဆိုင်ရာဌာန၏ ထောက်ခံချက်ကို တင်ပြနိုင်ရမည်။
(၄) လုပ်ငန်းတည်ထောင်ရန် ငွေကြေးအလုံအလောက်ရှိရမည်။
(၅) လုပ်ငန်းကျွမ်းကျင်သူ အလုံအလောက်ရှိရမည်။

(ဂ) ဧည့်လမ်းညွှန်လုပ်ငန်း
ဧည့်လမ်းညွှန်လုပ်ငန်း လုပ်ကိုင်လိုသူသည် လုပ်ကိုင်ခွင့်လိုင်စင်ရရှိရန် သတ်မှတ်သည့်ပုံစံဖြင့် ဦးစီးဌာနသို့ တိုက်ရိုက်ဖြစ်စေ၊ ဒေသဆိုင်ရာရုံးမှတဆင့်ဖြစ်စေ လျှောက်ထားရမည်။
ဧည့်လမ်းညွှန်လုပ်ကိုင်ရန် လိုင်စင်လျှောက်ထားသူသည် အောက်ပါလိုအပ်ချက်တစ်ခုခုနှင့် ညီညွတ်ပြည့်စုံစေရမည် -
(၁) ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနက ဖွင့်လှစ်သည့် ဧည့်လမ်းညွှန်ဆိုင်ရာ သင်တန်းသို့ တက်ရောက် အောင်မြင်ပြီးသူဖြစ်ရမည်။
(၂) ဧည့်လမ်းညွှန်သင်တန်းတက်ရောက်ရန် အရည်အချင်းပြည့်မီသည်ဟု မြန်မာ့ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းက သတ်မှတ်ခံရသူဖြစ်ရမည်။
(၃) ဦးစီးဌာနက အသိအမှတ်ပြုသော ဧည့်လမ်းညွှန်ဆိုင်ရာအခြား သင်တန်းတစ်ခုခုကို တက်ရောက်အောင်မြင်ပြီးသူဖြစ်ရမည်။

(ဃ) ခရီးလာသူများပို့ဆောင်ရေးလုပ်ငန်း
မော်တော်ယာဉ်ပို့ဆောင်မှုလုပ်ငန်း (သို့မဟုတ်) ရေယာဉ်ပို့ဆောင်မှုလုပ်ငန်း (သို့မဟုတ်) ယင်းလုပ်ငန်းနှစ်ရပ်လုံး လုပ်ကိုင်သူသည် လုပ်ကိုင်ခွင့်ရရှိရန် သတ်မှတ်သည့်ပုံစံဖြင့် ဦးစီးဌာနသို့တိုက်ရိုက်ဖြစ်စေ၊ ဒေသဆိုင်ရာရုံးမှတဆင့်ဖြစ်စေ လျှောက်ထား ရမည်။
ခရီးသွားလာသူများ ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ရန် လိုင်စင်လျှောက်ထားသူသည် အောက်ပါလိုအပ်ချက်များနှင့် ညီညွတ်ပြည့်စုံစေရမည် -
(၁) လီမိတက်ကုမ္ပဏီ (သို့မဟုတ်) ဖက်စပ်လုပ်ငန်းအဖြစ် ဆောင်ရွက်လိုလျှင် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေနှင့်အညီ မှတ်ပုံတင်ပြီးဖြစ်ရမည်။
(၂) ဦးစီးဌာနက သတ်မှတ်သည့် စည်းကမ်းချက်များနှင့် ညီညွတ်သည့် မော်တော်ယာဉ် (သို့မဟုတ်) ရေယာဉ်ဖြစ်ရမည်။

(င) စက်တပ်ရွက်လှေလုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်းများ
ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနသည် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံအတွင်း စက်တပ်ရွက်လှေများကို ကမ္ဘာလှည့်ခရီးသည် ပို့ဆောင်ရေးလိုင်စင်များ ထုတ်ပေးလျက်ရှိပါသည်။
စက်တပ်ရွက်လှေလုပ်ငန်းဆောင်ရွက်ရန် လျှောက်ထားရေးအတွက် လုပ်ထုံးလုပ်နည်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
(၁) လျှောက်လွှာကို ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ထံလိပ်မူ၍ လျှောက်ထားရပါမည်။ ပတ်(စ)ပို့အရွယ်အစားရှိ အုပ်ချုပ်မှုဒါရိုက်တာ၏ ဓါတ်ပုံ(၃)ပုံ၊ ပို့စကဒ်အရွယ်အစားရှိ စက်တပ်ရွက်လှေဓါတ်ပုံများ၊ ကုမ္ပဏီ အကြောင်း အရာများနှင့် လိုအပ်သည့် ရွက်လှေဆိုင်ရာ အချက်အလက်မူရင်းများ၊ စက်တပ်ရွက်လှေနှင့်ပတ်သတ်သော အထောက်အထား စာရွက်စာတမ်းများကို လျှောက်လွှာတွင် ပူးတွဲတင်ပြရပါမည်။
(၂) လိုင်စင်ကြေးသည် အမေရိကန်ဒေါ်လာ (၄၀၀၀)ဖြစ်ပြီး လိုင်စင်သက်တမ်းမှာ ညွှန်ကြားရေးမှူးချုပ် လက်မှတ်ရေးထိုးသည့် နေ့ရက်မှစတင်၍ (၂)နှစ်ဖြစ်သည်။
(၃)ကော့သောင်းဒေသသို့ စက်တပ်ရွက်လှေဖြင့် ဝင်ရောက်သော ခရီးသည်တစ်ဦးလျှင် နိုင်ငံတော်သို့ Royalty Fee အမေရိကန်ဒေါ်လာ(၁၀၀)ပေးသွင်းရပြီး မြိတ်ဒေသသို့ ဝင်ရောက်သော ခရီးသည်တစ်ဦးလျှင် Royalty Fee အမေရိကန်ဒေါ်လာ(၁၅၀) ပေးသွင်းရပါသည်။
(၄) အခွန်အခနှုန်းထားများကို နှစ်စဉ်ပြန်လည်စိစစ်သုံးသပ်သွားပြီး စက်တပ်ရွက်လှေကုမ္ပဏီများသို့ ကြိုတင်အသိပေးသွားမည်ဖြစ်ပါသည်။

စည်းမျဉ်းစည်းကမ်းညွှန်ကြားချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
(၁) လိုင်စင်တစ်ခုလျှင် လျှောက်လွှာတွင် ဖော်ပြပါရှိသော စက်တပ်ရွက်လှေ (၃)စင်းသာခွင့်ပြုသည်။ မည်သည့်စက်တပ်ရွက်လှေပြောင်းလဲမှုမျိုးကိုမဆို ကြိုတင်ခွင့်ပြုချက်ရရှိရေးအတွက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနသို့ ကြိုတင်အကြောင်း ကြားရမည်။
(၂) စက်တပ်ရွက်လှေတစ်စီးချင်း၏ ခရီးစဉ်အတိုင်းအတွက် ကြိုတင်ခွင့်ပြုချက် ရယူဆောင်ရွက်ရန် လိုအပ်သည်။
(၃) လိုင်စင်ကို ရွက်လှေ၏ ထင်သာမြင်သာသောနေရာ၌ ပြသထားရှိရမည်။
(၄) လိုင်စင်ရ စက်တပ်ရွက်လှေများသည် လိုင်စင်ရလုပ်ငန်းများကို ဆောင်ရွက်ခွင့်ရှိသည်။ ဦးစီးဌာန၏ခွင့်ပြုချက်မရှိပဲ လိုင်စင်အားလွှဲပြောင်းခြင်း(သို့မဟုတ်)လဲလှယ်ခြင်းမပြုလုပ်ရ။ သတ်မှတ်လိုင်စင်သက်တမ်းကျော်လွန်၍ လုပ်ငန်းဆောင်ရွက်ခွင့်မရှိပါ။
(၅) စက်တပ်ရွက်လှေ ဝင်ရောက်သည့်အခေါက်တိုင်းတွင် ရွက်လှေဝင်ရောက်ခွင့်နှင့် အခြားလိုအပ်သော အစီအစဉ်များအတွက် စက်တပ်ရွက်လှေမှ တာဝန်ခံက ကော့သောင်းရှိ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနရုံးခွဲအရာရှိထံသို့ အစီရင်ခံရမည်။
(၆) လိုအပ်သည်များကို စီစဉ်ပေးရန် စက်တပ်ရွက်လှေတစ်စီးစီးတွင် ဒေသခံဧည့်လမ်းညွန်တစ်ဦးစီ လိုက်ပါရမည်။ ဧည့်လမ်းညွှန်သည် ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှုဦးစီးဌာနရုံးခွဲကို အစီရင်ခံရမည်။
(၇) စက်တပ်ရွက်လှေကုမ္ပဏီတစ်ခုစီတွင် မြန်မာ့ရေပြင်အတွင်း စီးနင်းသူခရီးသည်များ၏ လုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် တာဝန်ယူရမည်။
(၈) ကော့သောင်းရှိ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနရုံးခွဲမှ ဝန်ထမ်းများသည် ဧည့်လမ်းညွှန်လိုက်ပါမှု၊ အကောက်ခွန်ဆိုင်ရာရှင်းလင်းမှုနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်ဝင်ဗီဇာဆိုင်ရာ လိုအပ်သောပံ့ပိုးမှုများကို ဖြည့်ဆည်းပေးရမည်။
(၉) ဤလိုင်စင်သည် စက်တပ်ရွက်လှေလုပ်ငန်းတစ်ခုတည်းအတွက် သတ်မှတ်ကာလအတွင်း ဆောင်ရွက်ခွင့်ပြုသည်။ ရေငုပ်ခြင်း၊ နားနေအပန်းဖြေရန်အတွက် စခန်းချခြင်းနှင့် အခြားရေအောက်လှုပ်ရှားဆောင်ရွက်မှုများကို ဆောင်ရွက်ခွင့်မပြုပါ။
(၁၀) လိုင်စင်ရပုဂ္ဂိုလ်(သို့မဟုတ်) မန်နေဂျာသည် အာဏာပိုင်အဖွဲ့အစည်းများ၏စစ်ဆေးခြင်းကို ခွင့်ပြုရမည်ဖြစ်ပြီး လိုအပ်သည်များကို ပံ့ပိုးကူညီရမည်။
(၁၁) စက်တပ်ရွက်လှေကုမ္ပဏီသည် ဦးစီးဌာနနှင့် ဒေသဆိုင်ရာ ရုံးခွဲများမှ ပြဋ္ဌာန်းထုတ်ပြန်ထားသော ပြည်တွင်းစည်းမျဉ်းစည်းကမ်းများနှင့် ညွန်ကြားချက်များကို လိုက်နာရမည်။

 

Office Address and Location Map
Location Map: