Follow Us

ဒီဇင်ဘာလ လူထုအားကစား လမ်းလျှောက်ပွဲ(ဒုတိယအပတ်) ကျင်းပ

Sat, 12/14/2019 - 16:54

ထားဝယ် ဒီဇင်ဘာ ၁၄

          ယနေ့နံနက် ၀၅၃၀ နာရီ အချိန်တွင် ပြည်သူလူထုတစ်ရပ်လုံး ကျန်းမားကြံ့ခိုင်၊ အားကစား လေ့ကျင့်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရေးနှင့် ကိုယ်လက်ကြံ့ခိုင်ရေး ပါဝင်ဆင်နွှဲ နိုင်ရေးတို့အတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဒီဇင်ဘာလ (ဒုတိယအပတ်) လူထုလမ်းလျှောက်ပွဲကို ထားဝယ်မြို့၌ ကျင်းပခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တနင်္သာရီတိုင်း ဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ       ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ ဒေသခံပြည်သူများ စုစုပေါင်း   (၃၉၆၆)ဦးသည် လမ်းကြောင်း သုံးကြောင်းဖြင့် သတ်မှတ်ထားသည့်နေရာများမှ တိုင်းဒေသကြီးအားကစားကွင်းသို့ စုပေါင်း လမ်းလျှောက်ခဲ့ကြပါသည်။

          ပထမလမ်းကြောင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးစုရပ်မှတစ်ဆင့် အာဇာနည်လမ်းအတိုင်း၊ ဒုတိယ လမ်းကြောင်းကို  ကျောက်မော်ကြီးရပ်၊ အခြေခံပညာမူလတန်းကျောင်းမှတစ်ဆင့် ရေး-ထားဝယ်လမ်းအတိုင်း၊ တတိယလမ်းကြောင်းကို ဝဲကျွန်းရပ်၊ အခြေခံပညာအထက်တန်းကျောင်း မှတစ်ဆင့် မေတ္တာ-ထားဝယ်လမ်းအတိုင်း တိုင်းဒေသကြီးအားကစားကွင်းသို့ စုပေါင်းချီတက် လမ်းလျှောက်ခဲ့ကြပါသည်။

          ထို့နောက် တက်ရောက်လာကြသူများက တိုင်းဒေသကြီးအားကစားကွင်း၌ ကိုယ်လက် ကြံ့ခိုင်ရေး လေ့ကျင့်ခန်း အတွဲ(၁)ကို စုပေါင်းလေ့ကျင့်ခဲ့ကြပြီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း Myanmar Fitness Dance ကိုပါဝင်ဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိပါသည်။