Follow Us

တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁၀/၂၀၁၉) လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏(၁၀/၂၀၁၉) လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

Sat, 12/14/2019 - 02:08

ထားဝယ် ဒီဇင်ဘာ ၁၃

          ယနေ့ ၁၄၀၀ နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ ၌ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁၀/၂၀၁၉) လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် တိုင်းဒေသကြီး မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏(၁၀/၂၀၁၉) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးလယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီး ဦးမြင့်စန်း၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ကျော်၊ သက်ဆိုင်ရာတိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးမြင့်စန်းမှ တစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ကိုင်မှု လျှောက်ထားခြင်းအား အဓိက ဦးစားပေး ဆောင်ရွက်သွားရန်နှင့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လျောက်ထားမှုကို ခွင့်ပြုချက်ရရှိမှသာ လုပ်ငန်းများဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်သိန်း က လယ်ယာမြေစီမံခန့်ခွဲမှု ဆိုင်ရာ ကိစ္စရပ်များ၊ မြေယာ အမှုတွဲများအား တိုင်းဒေသကြီးလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ အဆုံးအဖြတ် ရယူခြင်းနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်သည့် အမှုတွဲများအား ကော်မတီ၏ ဆုံးဖြတ်ချက် ရယူခြင်းတို့ကို အမှုတွဲတစ်ခုချင်းအလိုက် ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက် လာသည့်အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြ၍ ဆွေးနွေးဆုံးဖြတ်ခဲ့ကြပြီး အစည်းအဝေးကို ၁၆၁၅ နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။