Follow Us

အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

Thu, 12/12/2019 - 23:40

ထားဝယ် ဒီဇင်ဘာ ၁၂      

          ယနေ့ ၁၀၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌  အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ကျော်၊ တိုင်းဒေသကြီးအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင်၊ တိုင်းဒေသကြီး/ ခရိုင် /မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ကျောင်းသူ/သားများ တက်ရောက်ခဲ့ပါသည်။

          အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျ က နိုင်ငံတော်သမ္မတမှ ပေးပို့သည့် အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာအား ဖတ်ကြားပြီးနောက် တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် က အမှာစကားပြောကြားရာ ကမ္ဘာ့နိုင်ငံများတွင် ဒီဇင်ဘာလ ၉ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ် ၍ အခမ်းအနားများ နှစ်စဉ်ကျင်းပလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ တွင် ကုလသမဂ္ဂ အဂတိလိုက်စားမှု  တိုက်ဖျက်ရေးကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်လက်မှတ် ရေးထိုးခဲ့ပြီး ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလတွင် အဖွဲ့ဝင်အမှတ်စဉ်(၁၆၅)ဖြင့် တရားဝင်အတည်ပြုခြင်း ခံရ ပြီးဖြစ်ကြောင်း၊ လူ့အဖွဲ့အစည်း အသိုင်းအဝိုင်း၏ လုံခြုံမှု၊ တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက် လျက်ရှိသော လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးတရားမဝင်ရောင်းဝယ်မှု၊ ငွေကြေးခဝါချမှု၊ နိုင်ငံဖြတ် ကျော် အုပ်စုဖွဲ့ကျူးကျော်မှု၊ တရားမဝင်ကုန်သွယ်မှု စသည်တို့ဖြစ်ပွားရခြင်း၏ အဓိကအကြောင်း တရားသည် အဂတိလိုက်စားမှုကြောင့် ဖြစ်ကြောင်း၊ နိုင်ငံကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ဆင်းရဲ သည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ အဂတိလိုက်စားမှုကို မိမိတစ်နိုင်ငံတည်း တိုက်ဖျက်တွန်းလှန်ရုံ ဖြင့် မလုံလောက်ဘဲ အခြားနိုင်ငံများနှင့်လည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့်အတွက် မြန်မာ နိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများတွင် လက်တွဲဆောင် ရွက်ရန် ရည်ရွယ်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်းကို ပါဝင်သဘောတူ လက်မှတ်ရေး ထိုးခဲ့ခြင်းဖြစ်ကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတစ်ရပ်အဖြစ်ဆောင်ရွက် ရန်၊ သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေး ဖြစ်ထွန်းစေရန်၊ အများပြည်သူဆိုင်ရာ အုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှုမြင့်မားတိုးတက်လာစေရန်၊ အဂတိလိုက်စားမှုများ ကြောင့် နိုင်ငံတော်ပိုင်ပစ္စည်းများ၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွား ကို ထိခိုက်မှုမရှိစေရေးအတွက် အကာအကွယ်ပေးရန်၊ အဂတိလိုက်စားမှု ကျူးလွန်သူများအား ထိရောက်စွာအရေးယူရန်၊ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများ၌ ပိုမိုပွင့်လင်းမြင်သာမှု ရှိပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန် စသည့်ရည်ရွယ် ချက်များဖြင့် ပြည်ထောင်စုလွှတ်တော်က အဂတိလိုက်စားမှုဥပဒေကို ပြဌာန်းထားခြင်းဖြစ်ကြောင်း၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် တိုးမြှင့် ဆောင်ရွက်နိုင်ရေးအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို တာဝန်နှင့် လုပ်ပိုင်ခွင့် များ ပိုမိုပေးအပ်ထားသလို လွတ်လပ်စွာစုံစမ်းစစ်ဆေးခွင့်၊ အရေးယူခွင့်၊ တရားစွဲဆိုခွင့်များကို ခွင့်ပြု ထားပါကြောင်း၊ နိုင်ငံတော်အကြီးအကဲများက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို လုပ်ငန်းတာဝန်များ လုပ်ဆောင်ရာတွင် မျက်နှာကြီးငယ်မလိုက်၊ ဆူကြုံနိမ့်မြင့်မရွေး၊ ဥပဒေနှင့်အညီ ပြတ်ပြတ်သားသားဆောင်ရွက်ရန် လမ်းညွှန်မှာကြားထားကြောင်း၊ မြန်မာ့လူ့ဘောင်အဖွဲ့အစည်း တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရတစ်ခုတည်း၊ အဂတိလိုက် စားမှု တိုက်ဖျက်ရေးကော်မရှင် တစ်ဖွဲ့တည်းဖြင့် ဆောင်ရွက်၍ မရနိုင်ဘဲ နိုင်ငံတော်အစိုးရ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ သတင်းမီဒီယာများ အပါအဝင် ပြည်သူတစ်ရပ်လုံးကလည်း စုပေါင်းအင်အားဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြမှသာ အောင်မြင်နိုင်မည်ဖြစ်သည့်အတွက် ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်း၏ ၂၀၁၉ ခုနှစ် ဆောင်ပုဒ်ဖြစ်သော “Together, We are United Against Corruption” “အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် ကျွန်ုပ်တို့အားလုံး စုပေါင်းညီညွတ်ကြပါစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားစေလိုကြောင်း တိုက်တွန်း ပြောကြားသွားခဲ့ပါသည်။

          ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးမျိုးမြင့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေး အခြေခံသဘောတရားနှင့် လက်ရှိဆောင်ရွက်နေမှု အခြေအနေ များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

          ဆက်လက်၍ UNDP မှ ရိုက်ကူးထားသည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက် ရေးနေ့အထိမ်းအမှတ် Video အားပြသ၍ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲ၌ ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် အဖြစ် အခြေခံပညာမူလတန်း၊ အလယ်တန်းအဆင့် ဆုရကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော်၍ ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။

          ထို့နောက် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲ၌ အခြေခံပညာမူလတန်း၊ အလယ်တန်းအဆင့် တေးသရုပ်ဖော်၊ စာစီစာကုံး၊ ဆောင်းပါး၊ ကာတွန်း၊ ကဗျာပြိုင်ပွဲများမှ ဆုရရှိသူများအား ဆုချီးမြှင့်ကာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆုရရှိသူများနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြပြီး ၁၁၄၅ အချိန်တွင် အခမ်းအနား ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။