Follow Us

၂၀၁၉ ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

Thu, 12/12/2019 - 01:02

ထားဝယ် ဒီဇင်ဘာ ၁၁

          ယနေ့ ၁၅၀၀ နာရီ အချိန်တွင် ၂၀၁၉ ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလုကာ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ထားဝယ်ပညာရေးကောလိပ်မှဆရာ/ဆရာများ၊ အုပ်ချုပ်သူနည်းပြများ နှင့်  ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြပါသည်။

          ရှေးဦးစွာ အမျိုးသားလှံတံပစ်ဗိုလ်လုပွဲ၊ အမျိုးသားမီတာ(၁၀၀)ဗိုလ်လုပွဲ၊ အမျိုးသမီးမီတာ (၄၀၀×၄)လက်ဆင့်ကမ်းဗိုလ်လုပွဲ၊ အမျိုးသား မီတာ(၄၀၀×၄) လက်ဆင့်ကမ်းဗိုလ်လုပွဲ တို့ကို ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။

          ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ အမျိုးသားလှံတံပစ် ဗိုလ်လုပွဲနှင့် အမျိုးသားမီတာ(၁၀၀)ဗိုလ်လုပွဲတွင် ဆုရရှိသူများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလုကာမှ ဆုတံဆိပ်များ အသီးသီး ချီးမြှင့်ပေး၍ အမျိုးသမီးမီတာ(၄၀၀×၄) လက်ဆင့်ကမ်းပြိုင်ပွဲ၊ အမျိုးသားမီတာ (၄၀၀×၄) လက်ဆင့်ကမ်း ပြိုင်ပွဲတို့တွင် ဆုရရှိသောအသင်းများနှင့် မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲတွင် အမျိုးသမီးတံခွန်စိုက်ဆုဖလားရရှိသော မြိတ်အသင်း၊ အမျိုးသား တံခွန်စိုက်ဆုဖလားရရှိသော လောင်းလုံးအသင်းတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်မှ ဆုတံဆိပ်များနှင့် တံခွန်စိုက်ဆုဖလားများ အသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။