Follow Us

တနင်္သာရီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ (၂/၂၀၁၉) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Wed, 12/11/2019 - 22:33

ထားဝယ် ဒီဇင်ဘာ ၁၁

          ယနေ့ ၁၀၀၀ နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ အစည်းအဝေးခန်းမ၌  တနင်္သာရီတိုင်းဒေသကြီးယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ (၂/၂၀၁၉) လုပ်ငန်းညှိနိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ဥက္ကဋ္ဌ ၊တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တနင်္သာရီတိုင်း ဒေသကြီး အတွင်းရေးမှူး ဦးခင်မောင်ကျော်၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ အဖွဲ့ဝင်များနှင့် သတင်းမီဒီယာများ တက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီ ဥက္ကဋ္ဌ ၊တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်က အဖွင့်အမှာ စကားပြောကြားရာ တနင်္သာရီတိုင်းဒေသကြီးအတွင်း နေထိုင်ကြသူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်ပြီး (၁/၂၀၁၉)လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ ဌာနဆိုင်ရာများနှင့် ကော်မတီဝင်များမှ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်မှုအပေါ် ကြုံတွေ့နေရသောအခက်အခဲများနှင့် ဖြေရှင်းဆောင်ရွက်ရမည့်နည်းလမ်းများ ကိုလည်း တင်ပြစေလိုကြောင်း၊ ယာဉ်မတော်တဆဖြစ်မှုကြောင့် ကမ္ဘာတစ်ဝှမ်းတွင် နေ့စဉ် လူဦးရေ ၁.၂သန်းကျော် သေဆုံးနေပြီး၊ မြန်မာနိုင်ငံတွင်လည်း နေ့စဉ် ၁၄ ဦး ယာဉ်မတော်တဆ ဖြစ်ပွားမှုကြောင့် သေဆုံးလျက်ရှိပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ယာဉ်မတော်တဆဖြစ်ပွားမှု ၅၆၁မှု၊ ထိခိုက်ဒဏ်ရာရ ရှိသူ၈၈၆ဦး၊ သေဆုံးသူ၁၇၉ဦးရှိပြီး တစ်ရက်လျှင်ဖြစ်ပွားမှုပျမ်းမျှ ၁.၅မှု၊ ဒဏ်ရာရရှိမှု ၂.၄ဦး၊ သေဆုံးမှု၀.၄ဦး ရှိကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ယာဉ်မတော်တဆဖြစ်ပွားမှု အဆင့် ၉ တွင်ရှိပြီး ယာဉ်မတော်တဆ ဖြစ်ပွားသောအရွယ်များမှာ အသက် ၁၆နှစ်မှ ၄၂နှစ်အတွင်း အများဆုံးဖြစ်ပွား လျက်ရှိကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ စုစုပေါင်း ၅၆၁မှုအနက် ဆိုင်ကယ်တိုက်မှု ၄၅၅မှု ရှိသည့်အတွက် ဆိုင်ကယ်စီးသူတိုင်း ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်း လိုင်စင်၊ ဦးထုပ်ဆောင်းရေး အတွက် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲများ ပြုလုပ်ပေးရေးနှင့် စစ်ဆေးအရေးယူဆောင်ရွက်ခြင်းများ တိုးမြှင့်ဆောင်ရွက်ပေးရန် တိုက်တွန်း ပြောကြားလိုကြောင်း၊ စည်းကမ်းမဲ့ယာဉ်ရပ်နားမှုမရှိစေရေးအတွက် စာသင်ကျောင်း၊ ဈေး၊ လူစည်ကားနေရာများတွင် စစ်ဆေးကြပ်မတ်ခြင်းနှင့် အသိပေးဆိုင်းဘုတ်များ ပြုလုပ်ဆောင်ရွက် ပေးစေလိုကြောင်း၊ ၂၀၂၀ခုနှစ် ယာဉ်တိုက်မှု ၅၀ ရာခိုင်နှုန်းလျော့ချရေးနိုင်ရေးကို နိုင်ငံတော်မှ ရည်မှန်းချက်ချ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်ရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် တနင်္သာရီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျမှ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြပြီး တက်ရောက်လာသော ကော်မတီဝင်များမှာ အသီးသီးဆွေးနွေးတင်ပြကြကာ တနင်္သာရီတိုင်း ဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ဥက္ကဋ္ဌ ၊တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်က နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးကို ၁၁၄၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။