Follow Us

(၇၅) ကြိမ်မြောက် စိန်ရတုအထိမ်းအမှတ် ပုလောမြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓပူဇနိယ ပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ

Wed, 12/11/2019 - 20:10

ပုလော ဒီဇင်ဘာ ၁၀

          ယနေ့ ၁၉၀၀ နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့ ကျောက်တိုင် လမ်းဆုံ၌ (၇၅)ကြိမ်မြောက် စိန်ရတုအထိမ်းအမှတ် ပုလောမြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဘုရားဖူးဧည့်သည် များ တက်ရောက်ခဲ့ကြပါသည်။

          ရှေးဦးစွာ ဩဝါဒါစရိယ ဆရာတော်များမှ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ် ပူဇော်၍ အမွှေးနံ့သာများပက်ဖျန်းပြီး ဘုရားဂေါပကအဖွဲ့မှ နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်များ ဒေသစာရီကြွချီမှုပူဇာသဘင် အောင်ကြောင်းအတိတ် အောင်နိမိတ်ဆောင်သော အောင်ဂါထာကျူးရင့် ပူဇော်ခဲ့ပါသည်။

          ထို့နောက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်များ ဒေသစာရီကြွချီတော်မှုပူဇာသဘင် အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ခဲ့ပြီး မိုးပျံပူဖောင်းများလွင့်မျှော၍ အောင်မြင်မှုမင်္ဂလာခံယူခဲ့ကြပါသည်။

          ဆက်လက်ပြီး နှစ်ကျိပ်ရှစ်ဆူကုန်သော ဗုဒ္ဓရုပ်ပွားတော်များ မြို့တွင်းသို့ ဒေဝါဝင်း၊ ရတနာပုံဝင်း၊ ပုဂံဝင်း ဝန်းရံလျက် ဒေသစာရီကြွချီတော်မူခဲ့ရာ ဝန်ကြီးချုပ်နှင့်အဖွဲ့မှ လှူဖွယ်ဝတ္ထုအစုစုတို့ဖြင့် ဆက်ကပ်လှူဒါန်း၍ ဘုရားဖူးကုသိုလ်ယူခဲ့ကြပြီး နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်ကျင်းပရာ ရင်ပြင် တော်ရှိ ဗဟိုစံကျောင်းတွင် ကိန်းဝပ်စံတော်မူနေသော် ကျောက်နုဆင်းတုတော်မြတ်အား ပန်း၊ ရေချမ်းနှင့်ဆီမီးများ ကပ်လှူပူဇော်ခဲ့ကြောင်း သတင်းရရှိပါသည်။