Follow Us

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲ ထားဝယ်မြို့၌ ကျင်းပ

Wed, 12/11/2019 - 00:10

ထားဝယ် ဒီဇင်ဘာ ၁၀

          ယနေ့ ၁၀၀၀ နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြိတ်တန်းလမ်းဆုံ မီးပွိုင့်၌ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် တရားစွဲဆို လျှောက်ထားမှုကို သွားရောက်ဖြေရှင်းသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲကျင်းပပြုလုပ်ခဲ့ရာ ထောက်ခံပွဲသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဉက္ကဌ ဦးခင်မောင်အေး၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယဉက္ကဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ ထားဝယ်ခရိုင် အတွင်း မြို့နယ်များရှိပြည်သူများနှင့် ပရဟိတ အဖွဲ့များ တက်ရောက်ထောက်ခံခဲ့ကြပါသည်။

          ရှေးဦးစွာ ထောက်ခံပွဲတွင် တက်ရောက်လာကြသူများ က နိုင်ငံတော်အလံကို အလေးပြုခဲ့ ကြပြီး ထောက်ခံပွဲပြုလုပ်ရခြင်းသည် မြန်မာနိုင်ငံ၏ အကျိုးစီးပွား ကာကွယ်ရန်၊ တရားမျှတ၍ အမှန်တရားကို ဖော်ဆောင်ရန်၊ နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသော စိတ်ဓာတ်နှင့်သတ္တိကို ပြည်သူအပေါင်း၏ သွေးစည်းညီညွတ်မှုဖြင့် ထောက်ခံအားပေးရန်နှင့် လူသားဆိုင်ရာကျင့်ဝတ်စံနှုန်းများကို လိုက်နာကျင့်သုံးသည့် ယဉ်ကျေး၍ ဂုဏ်သိက္ခာရှိသော နိုင်ငံတော်၏ မြန်မာ့လူ့အသိုင်းအဝိုင်းကို အနာဂတ်မျိုးဆက်သစ်များဆီသို့ လက်ဆင့်ကမ်းလွှဲပြောင်း ပေးရန် စသည့်ရည်ရွယ်ချက်ဖြင့် ထောက်ခံပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

          ထိုနောက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများ က We Stand  With  ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံဂုဏ်သိက္ခာမြှင့်တင်ဖို့ - အမေစုနှင့်အတူ ရပ်တည်စို့ ကြွေးကြော်သံများ (၃)ခေါက် ကြွေးကြော်၍ ဘင်ခရာအဖွဲ့က သီချင်းများ သီဆိုတီးမှုတ်ခဲ့ကြပြီး ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်(၄)မြို့နယ်မှ ပြည်သူလူထုအင်အား (၁၀၀၀)ကျော်ခန့် တက်ရောက်ထောက်ခံခဲ့ကြောင်း သတင်းရရှိပါသည်။

ထားဝယ်ခရိုင်(ပြန်/ဆက်) မှ သတင်းပေးပို့သည်။