Follow Us

(၃၀)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ

Thu, 11/28/2019 - 01:46

ထားဝယ် နိုဝင်ဘာ ၂၇                                    

          (၃၀)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့ ၀၉၃၀ နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော် ခန်းမ၌ ကျင်းပသည်။

          အခမ်းအနားတွင် တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင် လူမှု​ရေးနှင့်စည်ပင်သာယာ​ရေးဝန်ကြီး ဦးဟိုပင်က အမှာစကားပြောကြားရာ၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်တွင်ပါရှိသော ကလေးသူငယ်အခွင့်အရေး(၄)ရပ်ဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကလေးသူငယ်များကိုအကြမ်းဖက်မှု၊ လျစ်လျူရှုမှုနှင့် ခေါင်းပုံဖြတ်မှုအမျိုးမျိုးမှ ကာကွယ်စောင့်ရှောက်မှု ရပိုင်ခွင့်နှင့်ကလေးသူငယ်များ၏ အရေးကိစ္စများတွင် ကလေးသူငယ်များ ကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့်တို့ဖြစ်​ကြောင်း၊ မွေးကင်းစ ကလေးငယ်များအား အခြား ကလေးငယ်များနည်းတူ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပါ အခြေခံအခွင့်အရေးများ နှင့်အညီ ကာကွယ်စောင့်ရှောက်ခံမှုရရှိမှာဖြစ်သလို အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်နှင့် လူ့အသိုင်းအဝိုင်းအတွင်း ပါဝင်ဆောင်ရွက်ခွင့်ရရှိလာမှာဖြစ်​ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး အတွင်းတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီများကို တိုင်းဒေသကြီး/ ခရိုင်/မြို့နယ် အဆင့်ဆင့်ဖွဲ့စည်းထားပြီးဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာလူမှုရေးအဖွဲ့အစည်းများ၊ ပြည်တွင်းလူမှုရေးအဖွဲ့အစည်းများနှင့် ကလေးသူငယ်များ ရှေ့တွင် မားမားမတ်မတ်ရပ်တည်၍ ကလေးသူငယ်များအား ဥပဒေနဲ့အညီ ကာကွယ်စောင့်ရှောက် ပေးကြရန် လိုအပ်​ကြောင်းပြောကြားသည်။

          ထိုနောက် မူလတန်းကြို​ကျောင်းများမှ သားငယ်/သမီးငယ်များက ​တေးသီချင်းများဖြင့် သရုပ်​ဖော် သီဆို​ဖျော်​ဖြေခဲ့ကြပြီး တာဝန်ရှိသူများက အမှတ်တရလက်​ဆောင်ပစ္စည်းများ ​ပေးအပ်ခဲ့​ကြောင်း သိရှိရပါသည်။

          အခမ်းအနားသို့ တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်လူမှု​ရေးနှင့်စည်ပင်သာယာ​ရေးဝန်ကြီး ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ထားဝယ်မြို့ ​ဝေါလ်ဗီးရှင်းအဖွဲ့မှ တာဝန်ရှိသူများနှင့် လူမှုရေး အသင်းအဖွဲ့များ၊ မူလတန်းကြိုကျောင်းများမှ ဆရာ/ဆရာမများ နှင့် သားငယ်သမီးငယ်များ၊ ကလေးမိဘများ တက်​ရောက်ခဲ့​ကြောင်း သတင်းရရှိသည်။

သတင်းပေးပို့သူ - ကိုကျော်ကျော်လတ်(ထားဝယ်ခရိုင်ပြန်/ဆက်)