Follow Us

ထားဝယ်အမျိုးသားနေ့ အခမ်းအနား စည်းကားသိုက်မြိုက်စွာ ကျင်းပ

Thu, 11/28/2019 - 01:26

ထားဝယ် နိုဝင်ဘာ ၂၇

          တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်အမျိုးသားနေ့အခမ်းအနားကို ယနေ့ ၀၆၃၀ နာရီ အချိန် တွင် ထားဝယ်မြို့၊ ထားဝယ်ရိုးရာယဉ်ကျေးမှုပြတိုက်၌ စည်ကားသိုက်မြိုက်စွာကျင်းပသည်။

          ရှေးဦးစွာ ​မေဃ၀တီကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဣန္ဒောဘာသ၊ တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင် နှင့် တာဝန်ရှိသူများ က  ထားဝယ် အမျိုးသား​နေ့ မုဒ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တက်​ရောက်လာကြသူများက နိုင်ငံ​တော်အလံ အား အလေးပြုခြင်းပြီးနောက် ထားဝယ်အမျိုးသားအလံအား အ​လေးပြုခြင်းတို့ကို ဆောင်ရွက်ကြ သည်။

          အခမ်းအနားတွင် နိုင်ငံ​တော်သြဝါဒစရိယ၊ အဂ္ဂမဟာမဏ္ဍိတ ဆရာ​တော် ဘဒ္ဒသူရိယက သြဝါဒကထာမြွက်ကြားပြီး ပြည်​ထောင်စုဝန်ကြီးဦးနိုင်သက်လွင် က နှုတ်ခွန်းဆက်စကား​ပြောကြား ၍ ထားဝယ်လူမျိုးစုစည်းမှုကော်မတီ(ဗဟို) ဦးစီးနာယက ဦးတင်မြ(ဒုတိယဗိုလ်မှူးကြီး-ငြိမ်း) က ထားဝယ်အမျိုးသား​နေ့ဖြစ်​ပေါ်လာပုံအ​ကြောင်း​အား ရှင်းလင်းပြောကြားသည်။

          ထိုနောက် ပြည်​ထောင်စုလွှတ်​တော်နာယက၊ ပြည်သူ့လွှတ်​တော်နာယက ဦးတီခွန်မြတ်မှ ​ပေးပို့လာ​သောသဝဏ်လွှာအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့်စည်ပင်သာယာရေး ဝန်ကြီး ဦးဟိုပင် က လည်းကောင်း ၊  တပ်မ​တော်ကာကွယ်​ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင် မှ ​ပေးပို့လာ​သောသဝဏ်လွှာအား ထားဝယ်လူမျိုး စုစည်းမှုကော်မတီ(ဗဟို)ဦးစီး နာယက ဦးတင်မြ က လည်းကောင်း ၊ ထားဝယ်အသင်း(မန္တ​လေး)မှ​ပေးပို့​သောသဝဏ်လွှာအား အတွင်းရေးမှူး ဦးစန်းမြင့် က လည်းကောင်း၊ ထားဝယ်လူမျိုးတိုးတက်​ရေးအသင်း(ထိုင်းနိုင်ငံ)မှ ​ပေးပို့လာ​သော သဝဏ်လွှာအား အရှင်ကု​ဝေရ က လည်းကောင်း အသီးသီးဖတ်ကြားကြသည်။

          ဆက်လက်၍ ထားဝယ်လူမျိုးစုစည်းမှုကော်မတီ(ဗဟို) တာဝန်ခံဦး​အောင်မျိုး က ထားဝယ် လူမျိုးများ အမျိုးသားရေးစိတ်ဓာတ်နိုးကြားလာစေရန် ၊ ထားဝယ်လူမျိုးများ ပိုမိုစုစည်းမိလာစေရန် နှင့် စုစည်းရရှိလာသောအင်အားစုဖြင့် မိမိထားဝယ်တိုင်းရင်းသားအရေးနှင့် ပက်သက်သောကိစ္စ များကို စုစည်းညီညွတ်စွာလုပ်ဆောင်နိုင်ရန်၊ ပုဂ္ဂိုလ်အရေး၊ လူတန်းစားအရေး၊ ဘာသာရေး၊ နိုင်ငံရေးနှင့် စီးပွားရေးအလျင်းမပြုဘဲ ထားဝယ်အမျိုးသားနေ့ကို ထားဝယ်အမျိုးသားရေး စိတ်ဓာတ်၊ ထားဝယ်လူမျိုးများ အချင်းချင်းရိုင်းပင်းကူညီလိုသော စိတ်ဓာတ်များမြင့်မားလာစေရန်၊ ထားဝယ်တိုင်းရင်းသား အရေးကဏ္ဍများကို မြှင့်တင်လိုသည့် စိတ်ဓာတ်များစေရန်စသည်တို့ဖြင့် အခမ်းအနားကျင်းပရခြင်းဖြစ်ကြောင်း ​ပြောကြားသည်။

          ၎င်းနောက် ညှိနှိုင်းရေးမှူး ဦးတင့်လွင် က ထားဝယ်လူမျိုးဖြစ်​ပေါ်လာပုံနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ​ ဆရာ​တော် ဘဒ္ဒန္တ ဣန္ဒဉာဏ က ​ထားဝယ်အမျိုးသား​နေ့ အခမ်းအနား ကျင်းပနိုင်သည့်အတွက် ဝမ်း​မြောက်​ကြောင်းမြွက်ကြားကာ ပြည်​ထောင်စုဝန်ကြီး ဦးနိုင်သက်လွင် က အလှူ​ငွေ(၁၀)သိန်းကျပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသား​ရေးရာဝန်ကြီး      ဦး​စောလုကာ က တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့လှူဒါန်းငွေ(၂၀)သိန်းကျပ်​ ပေးအပ်ခဲ့ရာ ဦးစီးနာယက ဦးတင်မြ က လက်ခံယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်​ပေးအပ်သည်။

          ထိုနောက် ပြည်​ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်နှင့်တာဝန်ရှိသူများ က ပြတိုက်အတွင်း ခင်းကျင်းပြသထား​သော ထားဝယ်လူမျိုးပြကွက်အား လှည့်လည်ကြည့်ရှုခဲ့​ကြပြီး တက်ရောက် လာကြသူများအား ထားဝယ်ရိုးရာ ယဉ်ကျေးမှုအကဖွဲ့များက ရိုးရာယဉ်ကျေးမှုအကများဖြင့် ဧည့်ခံဖျော်ဖြေခဲ့သည်။

          အခမ်းအနားသို့ နိုင်ငံ​တော်သြဝါဒစရိယ၊အဂ္ဂမဟာမဏ္ဍိတ ဆရာ​တော် ဘဒ္ဒန္တသူရိယ(​ဇေယျ ဝတီ​ကျောင်းတိုက်၊ ပင့်သံဃာ(၅၀)ပါး၊ တိုင်းရင်းသား​ရေးရာဝန်ကြီးဌာန ပြည်​ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်၊ တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ထားဝယ်လူမျိုးစုစည်းမှုကော်မတီ (ဗဟို) ဦးစီးနာယကဦးတင်မြ(ဒုတိယဗိုလ်မှူးကြီး-ငြိမ်း)၊ ထားဝယ်စာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီ ဥက္ကဌ ဦးအောင်သန်းဦး၊ ထားဝယ်လူမျိုးစုစည်းမှုကော်မတီ(ဗဟို) တာဝန်ခံ ဦးအောင်မျိုးနှင့်ဗဟို​ကော်မတီဝင်များ၊ ထားဝယ်အသင်း(မန္တ​လေး)အတွင်း​ရေးမှူး ဦးစန်းမြင့်(ပါ​မော က္ခ-ငြိမ်း)၊ ထားဝယ် ရိုးရာယဉ်​ကျေးမှုအကအဖွဲ့​ခေါင်း​ဆောင် ဦးကိုကိုကြီးနှင့်အဖွဲ့၊ ဖိတ်ကြားထားသူများ ဒေသခံပြည်သူ များတက်​ရောက်ခဲ့​ကြသည်။

          ယနေ့ ထားဝယ်အမျိုးသားနေ့တွင် ထားဝယ်ရိုးရာလှေလှော်ပြိုင်ပွဲကျင်းပခြင်း နှင့် ထားဝယ် ရိုးရာအားကစားနည်းပြိုင်ပွဲကျင်းပခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ထားဝယ်အမျိုးသားနေ့ အခမ်း အနား အောင်မြင်ခြင်းအထိမ်းအမှတ်ဖြင့် မီးပုံးပျံအကြီး(၁)လုံး လွှတ်တင်ခဲ့ကြောင်း သတင်းရရှိ သည်။

သတင်းပေးပို့သူ - ကိုကျော်ကျော်လတ်(ထားဝယ်ခရိုင်/ပြန်ဆက်)