Follow Us

နိုင်ငံတစ်ဝန်း ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်း (၂၀၁၉) ဖွင့်ပွဲအခမ်းအနား ကျင်းပ

Tue, 11/26/2019 - 22:34

ထားဝယ် နိုဝင်ဘာ ၂၆

          နိုင်ငံတစ်ဝန်း ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်း လုပ်ငန်း (၂၀၁၉) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၀၉၃၀ နာရီ အချိန် က တနင်္သာရီတိုင်းဒေသ ကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။

          အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်လူမှုရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးဟိုပင် က အမှာစကား ပြောကြားရာ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေနဲ့ မိမိတို့ရင်သွေးငယ်များ၏ ကျန်းမာရေးပြဿနာများကို ဖြေရှင်းဆောင်ရွက်လျက်ရှိရာ တိုးချဲ့ ကာကွယ်ဆေးထိုး လုပ်ငန်းကို ဦးစားပေးလုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိ​ကြောင်း၊ မြန်မာတစ်နိုင်ငံလုံးရှိ ကလေးငယ်များကို နိုင်ငံတစ်ဝန်းဝက်သက်နှင့် ဂျိုက်သိုးရောဂါကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်း လုပ်ငန်း(၂၀၁၉)အစီအစဉ်ဖြင့် ဝက်သက်နှင့်ဂျိုက်သိုးရောဂါကာကွယ်ဆေးကို Campaign   အသွင်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ပထမအသုတ်အနေဖြင့် ကော့သောင်းမြို့နယ် တွင် အသက် (၉) လ မှ (၅)နှစ်ခွဲအရွယ် ကလေးများအား ဝက်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ် ဆေးအစုလိုက်ထိုးနှံခြင်း၊ မွေးစမှ(၅)နှစ်ခွဲအရွယ်ကလေးများအား ပိုလီယိုကာကွယ်ဆေး အပို ဆောင်းတိုက်ကျွေးခြင်းကို (၂၀၁၉)ခုနှစ်၊ အောက်တိုဘာလ (၂၅)ရက် မှ (၂၉)ရက်နေ့ အထိ ဆောင်ရွက်ခဲ့ပြီးဖြစ်​ကြောင်း၊ ကျန်ရှိသောမြို့နယ်(၉)မြို့နယ်တွင် ဝက်သက်နှင့်ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို (၂၀၁၉)ခုနှစ်၊ နိုဝင်ဘာလ(၂၆)ရက်မှ (၂၈)ရက်နေ့အထိ ဒုတိယအသုတ် ကာကွယ်ဆေးထိုး အစီအစဉ်ဖြင့် ဆောင်ရွက်သွားမှာဖြစ်​ကြောင်း၊ နိုင်ငံတော်အစိုးရ၏ အသက် (၅)နှစ်အောက် ကလေးများသေဆုံးမှုလျော့နည်းကျဆင်းရေး   ရည်မှန်းချက်ရောက်ရှိရန် အထောက် အပံ့ပေးခြင်း ၊ မြန်မာနိုင်ငံ၌(၂၀၂၃)ခုနှစ်တွင် ဝက်သက်ရောဂါနှင့်ဂျိုက်သိုး ရောဂါကင်းဝေး၍ မွေးရာပါ ဂျိုက်သိုးရောဂါကင်းစင်ပပျောက်ရေး ရရှိစေရန်နှင့် အသက်(၅)နှစ်အောက်ကလေး သေဆုံးမှုကို ထပ်မံလျော့ချနိုင်ရန်အစရှိသည့် အကျိုးကျေးဇူးများကို ရရှိမှာဖြစ်ကြောင်း၊ နိုင်ငံတစ်ဝန်း၀က်သက် ရောဂါနှင့်ဂျိုက်သိုးရောဂါကာကွယ်ဆေး၊ အစုလိုက်ထိုးနှံခြင်းလုပ်ငန်း (၂၀၁၉) အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ယခုတက်ရောက်လာသော ဌာနဆိုင်ရာများ၊ မိတ်ဖက်အဖွဲ့အစည်းများ အားလုံးက ဝိုင်းဝန်းကူညီပံ့ပိုးပေးကြရန်လိုအပ်​ကြောင်း ပြောကြားသည်။

          ထိုနောက် တိုင်း​ဒေသကြီးပြည်သူ့ကျန်းမာ​ရေးဦးစီးမှူး​ဒေါက်တာထွန်းမင်း က မြန်မာနိုင်ငံ တွင်းရှိ အသက်(၅) နှစ်အောက်ကလေးသေဆုံးမှုကို ထပ်မံလျှော့ချနိုင်ရန် မြန်မာနိုင်ငံ၌(၂၀၂၃)ခုနှစ် တွင် ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါကင်းဝေး၍ မွေးရာပါကင်းစင်ပပျောက်ရေး ရရှိစေရန် စသည့်ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်​ကြောင်းပြောကြားပြီး တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီးနှင့် တာဝန်ရှိသူများက က​လေးငယ်(၁၅)ဦး တို့၏ ဝက်သက်နှင့် ဂျိုက်သိုးရောဂါကာကွယ်ဆေးထိုး​နှံပေးခြင်းအား ကြည့်ရှုအားပေးသည်။

          အခမ်းအနားသို့ တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ ကျန်းမာ​ရေးဝန်ထမ်းများ ၊ အသက်(၉)လမှ (၅)နှစ်ခွဲအရွယ် ကလေး(၁၅)ဦးနှင့် မိဘအုပ်ထိန်းသူများ၊ လူမှုရေးအဖွဲ့များ၊ ဖိတ်ကြားထားသူများတက်​ရောက်ခဲ့​ကြောင်း သတင်းရရှိသည်။

သတင်းပေးပို့သူ - ကိုကျော်ကျော်လတ်(ထားဝယ်ခရိုင်ပြန်/ဆက်)