Follow Us

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းဝေးကျင်းပ

Tue, 11/26/2019 - 22:16

ထားဝယ် နိုဝင်ဘာ ၂၆

          ယနေ့ နံနက် ၀၉၀၀နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေကြီး(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ ဥက္ကဌ၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့  အတွင်းရေးမှူး ဦးခင်မောင်ကျော်၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပရေးဦးစီးကော်မတီဥက္ကဌ၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် က အဖွင့် အမှာစကားပြောကြားရာ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပ နိုင်ရေးကို အမျိုးသားရေးဦးတည်ချက် (၅)ရပ်နှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်  ဦးစီး ကော်မတီနှင့် လုပ်ငန်းကော်မတီများလည်းဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊ ကော်မတီများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်ချက်များရှိပါက လာမည့်ဦးစီးကော်မတီအစည်းအဝေးတွင် တင်ပြရန် လိုပါကြောင်း၊ ယခင်လွတ်လပ်ရေးနေ့တွင် ပြခန်းများခင်းကျင်းပြသခြင်း၊ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အား ယခင်နှစ်ကထက် ပိုမိုကောင်းမွန်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် သက်ဆိုင်ရာ ကော်မတီများမှ တက်တက်ကြွကြွ ဆောင်ရွက်သွားရန် နှင့် ဒေသခံပြည်သူများတက်ကြွစွာပါဝင်သော အခမ်းအနားဖြစ်စေရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

          ထိုနောက် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသော လုပ်ငန်းကော်မတီဝင်များမှ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တနင်္သာရီတိုင်းဒေသကြီး(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ ဥက္ကဌ၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် က နိဂုံးချုပ် အမှာစကား ပြောကြားကာ အစည်းအဝေးကို ၀၉၄၅ နာရီအချိန်တွင်  ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။