Follow Us

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဖလား၊ ခရိုင်(၃)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

Thu, 11/21/2019 - 01:33

ထားဝယ် နိုဝင်ဘာ ၂၀

          ယနေ့ ၁၅၀၀ နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ တိုင်းအားကစား ကွင်း၌ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဖလား ခရိုင်(၃)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်း၊ တနင်္သာရီတိုင်းဒေသကြီး ဘောလုံးဆပ်ကော်မတီဥက္ကဋ္ဌ ဦးတင်ထွန်းနှင့်  ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ပါသည်။

          ရှေးဦးစွာ ဗိုလ်လုပွဲသို့တက်ရောက်လာကြသော ထားဝယ်ခရိုင်အမျိုးသမီးဘောလုံးအသင်း နှင့် မြိတ်ခရိုင်အမျိုးသမီးဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ထားဝယ်ခရိုင်အမျိုးသမီး ဘောလုံးအသင်းမှ ၈ ဂိုး ၁ဂိုးဖြင့် အနိုင်ရရှိခဲ့ပါသည်။

          ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး ဘောလုံး ဆပ်ကော်မတီဥက္ကဋ္ဌ မှ ကြက်ခြေနီအဖွဲ့အား ဂုဏ်ပြုဆုချီးမြှင့်၍  အကောင်းဆုံးအားကစားသမားဆု များအား ဆက်လက်ဆုချီးမြှင့်ပြီး တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး က ဒုတိယဆုရရှိသောမြိတ်ခရိုင်အမျိုးသမီးဘောလုံးအသင်းအား တစ်ဦးချင်းဆုနှင့် ငွေသား ဆုချီးမြှင့်ခဲ့ပါသည်။

          ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးဘောလုံးဆပ်ကော်မတီအဖွဲ့ဝင်၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်မောင်အေး မှ ပထမဆုရရှိသော ထားဝယ်ခရိုင်အမျိုးသမီးဘောလုံးအသင်းအား တစ်ဦးချင်းဆုနှင့် ငေွသားဆု ချီးမြှင့်ခဲ့ပြီးနောက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်း မှ တံခွန်စိုက်ဒိုင်းဆုဖလား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။