Follow Us

တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၏ (၅/၂၀၁၉) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Wed, 11/20/2019 - 23:22

ထားဝယ် နိုဝင်ဘာ ၂၀

          ယနေ့ ၁၀၀၀ နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၏ (၅/၂၀၁၉) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ကျော်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင် က အဖွင့် အမှာစကားပြောကြားရာ ဗဟိုကော်မတီမှ ချမှတ်ထားသော မြေယာမူဝါဒလုပ်ငန်းစဉ် (၅၂)ချက်တွင် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုအပေါ် မည်သို့ဆောင်ရွက်ရမည်ကို အသေးစိတ်ပါရှိ ပါကြောင်းနှင့်  မြေသိမ်းဥပဒေ၊ လယ်ယာမြေဥပဒေတို့၌လည်း အသေးစိတ်ဆောင်ရွက်ရမည်ကို ဖော်ပြ ထားပါကြောင်း၊ ဌာနများနှင့် ကုမ္ပဏီများမှ သိမ်းဆည်းမြေနှင့်ပတ်သက်၍ လုပ်ငန်းစဉ်များအတိုင်း ရှင်းရှင်းလင်းလင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နှစ်ကာလကြာရှည်စွာသိမ်းဆည်းထားသော သိမ်းဆည်းမြေများမှာ စည်းကမ်းချက်နှင့်ကိုက်ညီမှုမရှိခြင်း၊ ဖြေရှင်းဆောင်ရွက်မှု မရှိခြင်း၊ အသုံးမပြု သော်လည်းပြန်လည်အပ်ပေးခြင်းမရှိခြင်း၊ လျှော်ကြေးပေးချေခြင်းမရှိခြင်းတို့တွေ့ရှိရသဖြင့် မြေယာ မူဝါဒ (၅၂)ချက်တွင်ပါသော သိမ်းဆည်းစဉ်ကာလက စည်းကမ်းချက်များဖြင့် ကိုက်ညီမှုရှိ/မရှိ စိစစ် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊  စွန့်လွတ်မြေများကိုလည်း မူလပိုင်ရှင်ထံ အချိန်နှင့်တပြေးညီ ပြန်လည်ပေးအပ်ရန်လိုအပ်ကြောင်း၊ အခြားသောစီမံကိန်းများအတွက် ဌာန၊ ကုမ္ပဏီများမှ သိမ်းဆည်း မြေများအား လျှော်ကြေးငွေများပြန်လည်ပေးအပ်နိုင်ရေးအတွက် (RE) ဖြည့်စွက်ရံပုံငွေတွင် ထည့်သွင်း တင်ပြနိုင်ရေး ကြိုတင်ဆောင်ရွက်ထားရန်နှင့် တစ်လတစ်ကြိမ်တင်ပြရန်လိုအပ်မည်ဖြစ်ကြောင်း၊ စည်းကမ်းချက်နှင့်ကိုက်ညီမှုမရှိသော သိမ်းဆည်းမြေများအား မြေယာမူဝါဒ (၅၂)ချက်နှင့်အညီ စိစစ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် တနင်္သာရီတိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီ ဒုဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ဆွေးနွေးပြောကြားပြီး တိုင်းဒေကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ တိုင်းဦးစီးဌာနမှူး ဦးမြင့်သိန်းက လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုဆိုင်ရာကိစ္စရပ်နှင့် ပတ်သက်၍ စိစစ်တွေ့ရှိချက်အပေါ် ရှင်းလင်းတင်ပြကာ တက်ရောက်လာသော ကော်မတီဝင်များ အသီးသီးဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်က နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ၁၅၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိ ပါသည်။