Follow Us

တနင်္သာရီတိုင်းဒေသကြီး၊ ဆီအုန်းလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

Tue, 11/19/2019 - 01:22

ထားဝယ် နိုဝင်ဘာ ၁၈

          ယနေ့ ၀၉၃၀ နာရီအချိန်တွင် ထားဝယ်မြို့ Diamond Crown Hotel ၌ တနင်္သာရီတိုင်း ဒေသကြီး၊ ဆီအုန်းလုပ်ငန်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ  အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်) နှစ်ရှည်သီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းထွေး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ဆီအုန်းထုတ်လုပ်သူများ အသင်း (ဆီအုန်းပညာရှင်) ဦးဇော်ဝင်း၊ ဆီအုန်းစိုက်ပျိုးထုတ်လုပ်သောလုပ်ငန်းရှင်များနှင့် ဖိတ်ကြား ထားသောဧည့်သည်များ တက်ရောက်ခဲ့ပါသည်။

          အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်က အဖွင့်အမှာစကားပြောကြားရာ ဆီအုန်းလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရသော ရည်ရွယ်ချက်မှာ တနင်္သာရီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးပြီးစီးပြီးဖြစ်သော ဆီအုန်းစိုက်ခင်းများ နှင့် စိုက်ပျိုးရန်ရယူထားသော ဆီအုန်းဧရိယာများအားလုံး အကျိုးရှိစွာ စိုက်ပျိုးထုတ်လုပ်လာစေရန် နှင့် လေလွင့်ဆုံးရှုံးမှုနည်းပါးစေရန်၊ တစ်ဧကအထွက်နှုန်းတိုးတက်လာစေရန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရန်၊ ဆီအုန်းလုပ်ငန်းမှ စားသုံးဆီအပြင် လူသုံးကုန်ပစ္စည်းများ၊ ဆေးဝါးများ၊ စားသောက်ကုန်များ ထုတ်လုပ်နိုင်မည်ဖြစ်သဖြင့် ပြည်တွင်း/ပြည်ပလုပ်ငန်းရှင်များကို ဖိတ်ခေါ် ဆောင်ရွက်နိုင်စေရန်၊ ဆီအုန်းလုပ်ငန်းရှင်များ စုစည်းပြီးအသင်းအဖွဲ့ပုံစံဖြင့် ဆောင်ရွက်လာစေရန် ရည်ရွယ်ပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်းပင်များစိုက်ပျိုးမှု စီမံကိန်းကြီးအား ၁၉၉၉ခုနှစ်မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ဆီအုန်းလုပ်ငန်းရှင် ကုမ္ပဏီများမှာ အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းသဘာဝအရ ကြမ်းတမ်းခက်ခဲမှုများရှိခဲ့သဖြင့် အကောင်အထည် မဖော်နိုင်ခြင်းကို စိစစ်တွေ့ရှိရပါကြောင်း၊ စိုက်ပျိုးဖြစ်ထွန်းပြီးသော ဧရိယာများအား မြေအသုံးချမှု တန်ဖိုး အပြည့်အဝအကောင်အထည်ဖော်နိုင်ရန်နှင့် ကုန်ထုတ်စွမ်းအားများ အပြည့်အဝရရှိစေရေး ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ဆီအုန်းစိုက်ပျိုးရာတွင် သဘာဝပတ်ဝန်းကျင်များဖြစ်သည့် သစ်တောများ၊ ဇီဝမျိုးကွဲများ၊ ဂေဟစနစ်များအား ပျက်စီးဆုံးရှုံးမှုမရှိသော ရေရှည်တည်တံ့သည့် ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းဖြစ်အောင် ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ဆီအုန်း စိုက်ပျိုးထုတ်လုပ်ရေး လုပ်သားများ၏ စာဝတ်နေရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စ အဝဝကို ပြည့်စုံအောင်စီမံဆောင်ရွက်ပေးခြင်းစသည့် စံချိန်စံညွှန်းနှင့် ပြည့်စုံမှသာလျှင် ရေရှည် တည်တံ့သောလုပ်ငန်းတစ်ခုဖြစ်လာနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်) နှစ်ရှည်သီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းထွေးမှ ရှင်းလင်းပြောကြားပြီး တနင်္သာရီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးနိုင်ဦးမှ ဆီအုန်းလုပ်ငန်းဆိုင်ရာကိစ္စရပ်များ ရှင်းလင်းတင်ပြ၍ မြန်မာနိုင်ငံ ဆီအုန်းထုတ်လုပ်သူများအသင်း (ဆီအုန်းပညာရှင်) ဦးဇော်ဝင်းမှ ဆီအုန်းစီမံကိန်းအကြောင်း ရှင်းလင်းတင်ပြကာ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့ကြောင်းသတင်းရရှိပါသည်။