Follow Us

ဆေးလိပ်ငွေ့ကင်းစင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခြင်း၊ အသိပေးရှင်းလင်းခြင်း နှင့်သင်တန်း အခမ်းအနားကျင်းပ

Mon, 11/18/2019 - 23:32

ထားဝယ်  နိုဝင်ဘာလ ၁၈

          ယနေ့ ၀၉၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌  ဆေးလိပ်ငွေ့ကင်းစင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခြင်း၊ အသိပေးရှင်းလင်း ခြင်းနှင့်သင်တန်း အခမ်းအနားကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ပညာရေး/ကျန်းမာရေး မှ ဆရာ/ဆရာမများနှင့် လူမှုရေးအသင်းအဖွဲ့များတက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးဟိုပင် က အဖွင့်အမှာစကားပြောကြားရာ မကူးစက်တတ်သောရောဂါများသည် ကူးစက် တတ်သော ရောဂါများနှင့်အပြိုင် ဖွံ့ဖြိုးဆဲနိုင်ငံအများစုတွင် နေထိုင်သူများအတွက် ကြီးမားသော အသက်အန္တရာယ်ဖြစ်ကြောင်း၊ ကူးစက်တတ်သောရောဂါများအား မကူးစက်အောင် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေသကဲ့သို့ မကူးစက်တတ်သော ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများသောက်သုံးမှုကြောင့် ဖြစ်ပွားလာသောရောဂါများကိုလည်း ကာကွယ်ထိန်းချုပ်သွားရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဆေးလိပ်သောက်သုံးခြင်းနှင့် ကွမ်းယာသုံးစွဲခြင်း များပြားလာမှုနှင့် ပတ်သက်၍ ရုံးများ၊ ဆေးရုံများ၊ ကျောင်းများနှင့် အများပြည်သူတို့ စုဝေးရာနေရာများတွင် ဆေးလိပ် မသောက်ရန်နှင့် ကွမ်းစားခြင်းမပြုရန် အသိပညာပေးခြင်းလုပ်ငန်းများ ပြုလုပ်သွားရန် လိုအပ်ကြောင်း၊ အခြေခံပညာကျောင်းများတွင် ဆရာ၊ ဆရာမများက ကျောင်းသား/သူများအား ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲခြင်းကြောင့် ဖြစ်ပွားလာနိုင်သော ရောဂါများအကြောင်းကို ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ အသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်ပေးရန်လိုအပ်ကြောင်းနှင့် “နောင်တမရအောင် ဆေးလိပ် ကွမ်းယာကိုရှောင်” စသည့် ဆောင်ပုဒ်နှင့်အညီ ဆေးလိပ်၊ ကွမ်းယာ ကင်းစင်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး က ဆေးလိပ်ငွေ့ကင်းစင်ရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တနင်္သာရီတိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး က ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်းများထိန်းချုပ်ရေး ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြော်ငြာစာများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြပြီးနောက် ထားဝယ်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်(ဆေးပညာ) ဒေါက်တာ ခင်စိုးနွယ် က ဆေးလိပ်နှင့် ဆေးရွက်ကြီးအန္တရာယ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိပါသည်။